ချင်းပြည်နယ်(တောင်ပိုင်း)တွင် ဒုတိယမြောက်ဖော်ဆောင်လျက်ရှိသည့် လိုင်းလင်းပီလေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများမှာ ရာခိုင်နှုန်း ၈ဝ ကျော်ခန့် ပြီးစီးပြီဖြစ်ကာ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လိုင်လင်းပီ လေယာဉ်ကွင်းမှာလေယာဉ်အသေးစားများ ဆင်းသက်ရပ်နားပြေးဆွဲနိုင်မည်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ် မေ ၄ ရက်က၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျှန်လွယ်၊ချင်းပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူလူထုများကပန္နက်တင်အခမ်းအနားကို စည်ကားစွာကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းကိုစတင် အကောင်အထည်ဖော်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
''ချင်းပြည်နယ်ရဲ့ ဒုတိယမြောက်လေယာဉ်ကွင်းဖြစ်ပါတယ်၊ လေယာဉ်ကွင်းအသေးစားလို့ ဆိုနိုင်ပါတယ်၊ ခရီးသည်နှစ်ဆယ်ဆံ့ လေယာဉ်ငယ်လေးတွေပြေးဆွဲနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်၊ သွားလာရေးခက်ခဲတဲ့လိုင်လင်းပီမြို့ကို ရန်ကုန်ကနေ ကားနဲ့လာမယ်ဆိုရင် သုံးရက်လာရပါတယ်၊လေယာဉ်ကွင်းကတော့(Oneway)ပါ၊ နိုင်ငံခြားအကူအညီနဲ့ဆောင်ရွက်တာဖြစ်ပါတယ်၊ အထူးသဖြင့် ချင်းပြည်နယ်ကို လာရောက်လည်ပတ်ကြမယ့်ပြည်တွင်းပြည်ပ ဧည့်တွေအတွက်နှင့်ဒေသတွင်းကျန်းမာရေးကိစ္စတွေ၊ အရေးပေါ်ကိစ္စတွေမှာ အသုံးပြုနိုင်ဖို့ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
ချင်းပြည်နယ်(တောင်ပိုင်း) မတူပီမြို့နယ် လိုင်လင်းပီလေယာဉ်ကွင်းကိုအဂင်္လန်နိုင်ငံ Mission Aviation Fellowship MIF (International)၏အကူအညီဖြင့်အမေရိကန်ဒေါ်လာ(၂)သန်းအကုန်အကျခံကာ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တောင်ပိုင်းမြန်မာအိန္ဒိယနယ်စပ်တွင် တည်ရှိရာ၊ယခုလေယာဉ်ကွင်းငယ် တည်ဆောက်ပြီးစီးပါက သွားလာဆက်သွယ်ရေးအဆင်ပြေလာသည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ၊ နယ်စပ်ရောင်းဝယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း လိုင်လင်းပီမြို့မြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးလှရွှေကပြောသည်။
















