အလွယ်ရတဲ့ခေတ်ကြီးမှာ Miss ပြိုင်တဲ့ကလေးတွေ အာရုံစိုက်မှုလျော့လာသလို သိပ်မကြိုးစားလာဘူးလို့ မြင်တယ်

အလွယ်ရတဲ့ခေတ်ကြီးမှာ Miss ပြိုင်တဲ့ကလေးတွေ အာရုံစိုက်မှုလျော့လာသလို သိပ်မကြိုးစားလာဘူးလို့ မြင်တယ်

ကိုဗစ်ဖြစ်ပွားနေသည့်ကာလ နိုင်ငံ့ဂုဏ်ဆောင် Miss များ ပရဟိတလှုပ်ရှားမှုနည်းသည်ဟု သတ်မှတ်ခံရသည့်အကြောင်း၊ ကိုဗစ်ကာလ မိမိလေ့လာသင့်ယူဖြစ်နေသည့်အကြောင်း၊ ပြိုင်ပွဲဝင် Miss များအပေါ် အမြင်အကြောင်းနှင့်စပ်လျဉ်း၍ သရုပ်ဆောင် သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားသည်-

Miss တွေက ပရဟိတအလုပ်တွေအရင်က အရမ်းလုပ်ကြပြီးတော့ ကိုဗစ်ကာလမှာ Miss တွေ သိပ်လှုပ်ရှားတာ မတွေ့ရဘူးလို့ ဝေဖန်မှုတွေရှိနေတော့လေ ဘယ်လိုပြောချင်လဲ။

အဓိကတော့ Social Media တချို့ပဲသိကြတယ်။ သျှားဆိုရင် Miss မဖြစ်ခင်ကတည်းက အလှူတွေလုပ်နေတယ်။ Social Influencer တစ်ယောက်ဖြစ်လာမှ ကိုယ့်ကို အကုန်လုံးက သတိထားမိတယ်။ သျှားက တော်ရုံ အွန်လိုင်းပေါ်တင်တက်သူ မဟုတ်ဘူး။ လမ်းလုပ်သားတွေကို အမြဲပရဟိတလုပ်ပြီး ထမင်း၊ ဟင်းတွေ ကျွေးတယ်။ လုပ်နေကျပါ။ ခရီးသွားရင်လည်း လမ်းမှာ တကယ်လိုအပ်နေသူတွေကို လှူဒါန်းဖြစ်ပါတယ်။ ပရိသတ်သိအောင် တင်ပြရတာ ဝါသနာမပါဘူး။ ကိုယ်အလှူလုပ်တာ ကိုယ်ပဲရမှာလေ၊ သူတို့ပြန်အကျိုးရမှာလည်း မဟုတ်ဘူး။ အလှူအတန်း ဆက်တိုက်လုပ်နေပေမယ့် သိပ်ပြီး ခေါင်းထဲမှာမရှိဘူး။ သိအောင်လုပ်တာနဲ့ မသိအောင်လှူတန်းဖြစ်တာ ဒါပဲကွာပါတယ်။

ကိုဗစ်ကာလာမှာ ဘယ်လို လေ့လာသင်ယူမှုတွေ လုပ်နေလဲ။

သျှား လက်ရှိကာလမှာ Bakery Class တက်ဖြစ်တယ်။ တကယ်ဆိုရင် business management diploma ဖြေနေမယ့် ကာလပေါ့။ စာမေးပွဲဖြေနေရင်နဲ့ သျှားအလုပ်လုပ်ဖြစ်တယ်။ Live Sale လေးတွေ လိုက်လုပ်ပေးဖြစ်တယ်။ ကိုယ့်အကျိုးအမြတ်ဆိုတာထက် သူ့များအကျိုးအတွက် လုပ်ပေးဖြစ်တယ်။ နောက် Miss Universe 2020 ပွဲကလည်း နီးနေပြီဆိုတော့ ဒီပြိုင်ပွဲကလေးတွေအတွက် pageant trainer အဖြစ် သင်ပေးနေတယ်။

ကိုယ်တိုင်သင်ကြားပေးသူ တစ်ယောက်အနေနဲ့ ခုနောက်ပိုင်းပြိုင်ပွဲဝင်ကလေးအပေါ်  ဘယ်လိုမြင်မိလဲ။

သျှား တလောကတောင် Post ပြောဖြစ်ခဲ့သေးတယ်။ ခုခေတ်နောက်ပိုင်း Miss တွေက မကြိုးစားလာကြဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ trainer တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တာက သျှားပြိုင်တဲ့ နှစ်တုန်းက Miss လောက မတွင်ကျယ်သေးဘူး။ သျှားတုန်းက Miss Universe Myanmar ပြိုင်ပွဲဝင်ဖို့အတွက် တခြားစီနီယာတွေဆီက ဘယ်လိုမျိုးတွေ ပြသတယ်၊ ဘယ်ပစ္စည်းတွေ သုံးသွားတယ်။ ဘယ်လိုလမ်းလျှောက်တယ်ဆိုတာ You tube က ကြည့်လေ့လာရတယ်။ သင်ပေးမယ့်သူမရှိဘူး။ Model Class ရှိပေမယ့် Miss တစ်ယောက်ဖြစ်ဖို့ trainer ဆိုတာမရှိဘူး။ အမြင်နဲ့ပဲ သင်ယူခဲ့ရတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် ထိုင်း၊ ဖိလစ်ပိုင်မှာ နာမည်ကြီး Class တွေမှာ သင်ယူခဲ့တယ်။ Miss Universe ပွဲအတွက် ကိုယ်တိုင်လေ့ကျင့်လာတဲ့အတွက် အတွေ့အကြုံတွေပေါင်းပြီးတော့ နောက်လာမယ့် Miss တွေ ငါ့လိုမျိုး မသိနားမလည်မဖြစ်အောင် စိတ်နဲ့ပြန်သင်ပေးဖြစ်တယ်။ အလွယ်ရတဲ့ခေတ်ကြီးမှာ Miss ပြိုင်တဲ့ကလေးတွေ အာရုံစိုက်မှုလျှော့လာသလို သိပ်မကြိုးစားလာဘူးလို့ မြင်တယ်။ လွယ်လွယ်သင်လို့ရတဲ့ခေတ်မှာ ပိုကြိုးစားစေချင်တာပါ။

၂၀၂၁ ခုနှစ်မှာရော ဘယ်လို Plan တွေချထားလဲ။

ဒီကိုဗစ်ရောဂါလည်း မြန်မြန်ပြီးပါစေ။ ပြီးသွားရင် တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပြီးတော့ ဒီထက်မက အလုပ်တွေ ပိုကြိုးစားရအောင်လို့ ပြောချင်ပါတယ်။

သျှားကိုယ်တိုင်ရော ကျန်းမာရေးဗဟုသုတအနေနဲ့ ပရိသတ်ကို ဘယ်လိုဝေမျှချင်တာရှိမလဲ။

အင်တာဗျူးဖြေဖို့ Mask ခဏချွတ်ရင်တောင် ကိုယ့်ကိုကိုယ် စိတ်မလုံတလုံဖြစ်တယ်။ လိုအပ်လို့ မဖြစ်မနေ အပြင်ထွက်ရင်တော့ Mask သေချာအုပ်ပါ၊ လက်သန့်ဆေးတွေဆောင်ထားပါလို့ ပြောချင်တယ်။ အပြင်က ပြန်လာတဲ့ ကိုယ်ဝတ်ဆင်ထားတာကိုချွတ်ပြီး ဆေးဖျန်းသင့်တယ်။ လေထဲကကူးနေလား၊ ပိုက်ဆံကကူးလား မမြင်နိုင်ဘူး။ ကြောက်ဖို့လည်း ကောင်းတယ်။ ကိုဗစ်က ဘယ်အရာဝတ္ထုမှာ ဘယ်လောက်နေနိုင်တယ်ဆိုတာ သိထားသင့်တယ်။ တချို့က ကိုယ်တိုင်မဖြစ်သေးဘူး၊ ကိုယ့်အနီးအနားသူတွေ မဖြစ်သေးလို့ အရမ်းပေါ့ကြတာရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဆုံးရှုံးသွားတာရှိလို့ ကြောက်တယ်။ မလိုက်နာသူတွေလည်းရှိနေရင် ဒီရောဂါက ကြာရှည်နေမှာပါ။ ပိုက်ဆံဆိုတာ ကျန်းမာနေသ၍ကတော့ ရှာလို့ရပါတယ်။ တစ်ခုမှားလို့ အသက်ဆုံးရှုံးသွားရင် ပိုက်ဆံလည်း ရှာလို့မရတော့ဘူး။ ကိုယ့်မိသားစု ကိုယ့်ချစ်တဲ့သူတွေနဲ့ ဝေးရမှာဖြစ်လို့ ဂရုစိုက်ပြီး ဆင်ခြင်စေချင်ပါတယ်။