ရွေးချယ်စရာ မရှိပါဘူး။ ငြိမ်းချမ်းရေးရော၊ စီးပွားရေးရော တိုးတက်အောင် နှစ်ခုလုံးတစ်ပြိုင်နက်လုပ်မှရမယ်၊ စိန်ခေါ်မှုက သူများနဲ့မတူဘူး

ရွေးချယ်စရာ မရှိပါဘူး။ ငြိမ်းချမ်းရေးရော၊ စီးပွားရေးရော တိုးတက်အောင် နှစ်ခုလုံးတစ်ပြိုင်နက်လုပ်မှရမယ်၊ စိန်ခေါ်မှုက သူများနဲ့မတူဘူး

နိုင်ငံတကာဖိအားများနှင့် ပြည်တွင်းပဋိပက္ခ စိန်ခေါ်မှုများအကြား စိတ်ဝင်တစား စောင့်ကြည့်ခံနေရသည့် ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကိုဗစ်ကာလမှာပင် ဖွဲ့စည်းလိုက်သော We Love Rakhine အဖွဲ့၏ ရေတို၊ ရေရှည်စီမံကိန်းများ၊ ကိုဗစ်ကြောင့် ကျဆင်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်နလန်ထူစေရန် လုပ်ဆောင်သင့်သည်များနှင့်ပတ်သတ်၍ We Love Rakhine နာယကဖြစ်သူ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကို မြန်မာတိုင်းမ် အကြီးတန်းသတင်းထောက် ချမ်းမြထွေးက သီးသန့်မေးမြန်းထားသည်။

We Love Rakhine ဖွဲ့စည်းလိုက်တဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ပြောပြပေးပါဆရာ။

ကိုဗစ်ဒုတိယလှိုင်းက စစ်တွေမှာစခဲ့ပြီးတော့ အခြေအနေက တော်တော်ဆိုးတယ်။ အဲဒီမှာရှိတဲ့ ရခိုင်လုပ်ငန်းရှင်များအနေနဲ့အရေးပေါ် ဘာဆောင်ရွက်ရမလဲ စဉ်းစားတဲ့အခါမှာ ရေရှည်အတွက် အကောင်းဆုံးဖြစ်ဖို့ ရခိုင်မှာရှိတဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး အသင်းဖွဲ့လိုက်တယ်။ အရေးပေါ်ကိစ္စတွေကို ဆောင်ရွက်တယ်။ ရခိုင်က နည်းနည်းအခြေအနေကောင်းလာပြီးတော့ ရန်ကုန်ကို ကိုဗစ်က ဦးလှည့်လာတဲ့အခါမှာ ပြန်သုံးသပ်ပြီးတော့ အရေးပေါ်တင်မကဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အရာရာအားလုံးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းဖြစ်အောင်လုပ်ဖို့ စဉ်းစားဆုံးဖြတ်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ၁၇ မြို့နယ်မှာ ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ခန့်ထားပြီး အင်အားအများစုနဲ့ ရွေးချယ်လှုပ်ရှားတယ်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် We Love Rakhine အနေနဲ့ လူမှုစီးပွားတိုးတက်ဖို့ ရေတို၊ ရေရှည် အစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဖြေကြားပေးပါဆရာ။

စိန်ခေါ်မှုတစ်ရပ်က ရခိုင်လို့ ပြောလိုက်တာနဲ့ နိုင်ငံတကာမှာရှိတဲ့ အတွေးအမြင်၊ အယူအဆတွေက တော်တော်ကြီး အခက်အခဲတွေဖြစ်နေတယ်။ နှစ်တွေကျန်ခဲ့ပေမယ့် ဒီဘက်ပိုင်း၂ဝ၁၂ မှာ ဖြစ်တဲ့ကိစ္စ၊ ၂ဝ၁၆ မှာဖြစ်တဲ့ကိစ္စအတွက် ရခိုင်နဲ့ပတ်သက်လာရင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံခြားမှာ သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေက ပုံစံတစ်မျိုးဖြစ်နေတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ရှိတယ်။ ရခိုင်နဲ့ပတ်သက်ရင် စီးပွားရေးသုတေသနလုပ်ခဲ့တာ ကြာပြီ။

သမိုင်းကို ပြန်ကြည့်ရင် အင်္ဂလိပ်က ရခိုင်နဲ့ တနင်္သာရီတိုင်းကို သိမ်းပိုက်လိုက်တဲ့အချိန်က ရခိုင်ပြည်နယ်ဟာ စီးပွားရေးတိုးတက်လာတာ တွေ့ရတယ်။ ကိုလိုနီခတ်မှာ ဆန်စပါးနဲ့ပတ်သက်လို့ တော်တော်လေးကြီးပွားချမ်းသာလာတယ်။ စဉ်းစားတာက ရခိုင်ပြည်နယ်က စီးပွားရေး အချက်အချာကျပြီး စိုက်ပျိုးရေးလည်းကောင်းတယ်။ မွေးမြူရေးလည်းကောင်းတယ်။ သား၊ ငါးကဏ္ဍ ဒါတွေအားလုံးဟာ အဆင်သင့်တွေဖြစ်နေတယ်။ အဲဒီအခြေခံတွေယူပြီး ရခိုင်ပြည်နယ်ရဲ့တိုးတက်မှုကို ဘယ်ပုံ၊ ဘယ်နည်း ဆောင်ရွက်မလဲဆိုတာ အရေးကြီးတယ်။ We Love Rakhine က စဉ်းစားထားတဲ့ကိစ္စတစ်ခုက ဂျပန်နိုင်ငံမှာ စတင်ခဲ့တယ်။ ထိုင်းကလည်း ယူခဲ့တဲ့ One Town, One Product တစ်ရွာမှာ ပစ္စည်းတစ်ခုထုတ်မယ်ဆိုတဲ့ အစီအစဉ်။

ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိရင် အဲမြို့နယ်တွေမှာရှိတဲ့ အခြေခံကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ဆောင်ရင်ကာင်းမယ်ဆိုပြီး စဉ်းစားလာကြတယ်။ တစ်မြို့နယ်မှာ ပစ္စည်းတစ်ခုကို တစ်စိုက်မတ်မတ်ထုတ်ဖို့ ဆရာတို့ လုပ်မယ်။ မြန်မာပြည်မှာ ဘီလူးကျွန်းဆိုရင် ဆေးတံ၊ ကျောက်သင်ပုန်းတို့ သိပ်ထင်ရှားတယ်။ အဲလိုပဲ သံတွဲဆို ဘာလဲ။ စစ်တွေဆိုဘာလဲ အစရှိသဖြင့်ပေါ့။ တဖက်က စီးပွားရေးနဲ့ပတ်သတ်လာရင် စိုက်ပျိုးမွေးမြူရေးက အခြေခံကျတယ်။ မြေကြီးတွေကလည်း ကောင်းတဲ့အနေအထားရှိတယ်။ ပင်လယ်ငါးဖမ်းကိစ္စပတ်သက်လာရင် ကမ်းနီးမှာ မွေးမြူရေးအလုပ်တွေ၊ အရင်တုန်းက ရခိုင်နဲ့ပတ်သက်လို့ တာဝန်ယူတဲ့အခါမှာ ထိုင်းနိုင်ငံက ပညာရှင်တွေ ဖိတ်ခေါ်ပြီးတော့ ပုဇွန်မွေးတဲ့လုပ်ငန်းတွေ လုပ်တယ်။

We Love Rakhine မှာလည်း ဒါတွေကို ပြန်ပြီးပျိုးထောင်ဖို့ လိုမယ်။ အရေးကြီးတာက အလုပ်အကိုင် အခွင့်အရေး၊ နောက်တစ်ချက် တွဲဖက်ပြီးစဉ်းစားတာက ရခိုင်လူငယ်တွေအနေနဲ့ ပညာတက်လာရင် နိုင်ငံခြားသွားတာတို့၊ ပြည်မကို ရွေ့ပြောင်းလာတာရှိတဲ့အတွက် ရခိုင်ပြည်နယ်မှာ စီးပွားရေးအခွင့်အလမ်းရှိရင် ရခိုင်တိုင်းရင်းသားလူငယ်တွေ ရခိုင်ပြည်နယ်မှာပဲနေပြီး တိုးတက်ကြီးပွားအောင်လုပ်နိုင်တဲ့ အခြေအနေရှိတယ်။ ပညာရေးမှာလည်း အကြောင်းကြောင်းကြောင့် နောက်ကျခဲ့တာရှိတယ်။

ရခိုင်ကို Brand လုပ်ရမယ်။ နိုင်ငံတကာကကြည့်နေတဲ့ ရခိုင်ကတစ်မျိုး၊ ရခိုင်လို့ ပြောလိုက်ရင် ရခိုင်မှာထင်ရှားတဲ့ ရခိုင်မုန့်တီ၊ ရခိုင်ပုဆိုး၊ ရခိုင်ယဉ်ကျေးမှု၊ အဲဒီ Brand တွေ စဉ်းစားဖို့လိုတယ်။ ရခိုင်တိုးတက်ရာ တိုးတက်ကြောင်းလုပ်မယ့်သူတွေကို ကြိုဆိုတယ်။ ရခိုင်မှာလုပ်တဲ့ အန်ဂျီအိုတွေနဲ့လည်း ဘယ်လိုချိတ်ဆက် ဆောင်ရွက်လို့ရမလဲ။ တဖက်မှာလည်း နိုင်ငံတကာကုန်သည်ကြီးများ အသင်းတွေ၊ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ပေါင်းစပ်ပြီးလုပ်မယ်။ ရခိုင်က မကြာသေးခင်က လုံခြုံရေးအခြေအနေ၊ ပဋိပက္ခအခြေအနေတွေက ပိုကောင်းလာတော့ အဲဒါကို အခွင့်အရေးယူပြီး We Love Rakhine ရဲ့ လှုပ်ရှားမှုကို ပိုပြီးထိထိရောက်ရောက်လုပ်ဖို့ စဉ်းစားနေတယ်။ ပညာရေးနဲ့ပတ်သက်လို့ သင်တန်းတွေပေးဖို့စဉ်းစားနေကြပြီ။ ဆက်သွယ်ထိတွေ့နေကြပြီ။ ကိုဗစ်ကြောင့် သွားရေးလာရေး အခက်အခဲတွေရှိတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေဆိပ်ကမ်းစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ကညင်ချောင်းကုန်သွယ်ရေးစီမံကိန်းတွေ အကောင်အထည်ဖော်နေတာရှိတယ်။ ဒီစီမံကိန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ရှိမလား။

ကုလားတန်စီမံကိန်းသာ အဆင်ပြေမယ်ဆိုရင် ချင်းပြည်နယ်မှာရော၊ ရခိုင်ပြည်နယ်မှာရော၊ အိန္ဒိယပြည်နယ်တွေအားလုံးက ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်အဟုန်မြင့်လာမယ်။ ကျောက်ဖြူကလည်း နိုင်ငံတော်အတွက် အရေးကြီးတဲ့ မဟာဗျူဟာစီမံချက် ဖြစ်နေတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကနေ လျှပ်စစ်ဓာတ်အားကို ဒေသခံတွေအတွက် အသုံးပြုနိုင်တဲ့အခြေအနေတစ်ခု ဖြစ်လာတဲ့အချိန်မှာ ဒါကိုအခွင့်အရေးယူပြီး ကျောက်ဖြူမှာလည်း One Town, One Product (OTOP) နဲ့ ပတ်သက်တဲ့ မိရိုးဖလာ SME တွေ ဖော်ထုတ်ဖို့၊ စစ်တွေမှာလည်း အလားတူပဲ။ ကညင်ချောင်းကုန်သွယ်ရေးဇုန်ကို ရခိုင်အစိုးရကရော၊ ကုန်သည်အသင်းကရော ဒါကိုဦးစိုက်ပြီးလုပ်နေတဲ့အခါ အဲဒီမှာလည်း ဆရာတို့ ပါဝင်နိုင်သလောက်ပါဝင်ဖို့ အစီအစဉ် ရှိတယ်။

ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာအမြင်က လွဲမှားနေတာမျိုးတွေ၊ ပဋိပက္ခတွေရှိတယ်။ ရခိုင်ရဲ့ ဖွံ့ဖြိုးတိုးရေးက နိုင်ငံတော်ရဲ့တိုးတက်မှုနဲ့ ဘယ်လောက်အရေးပါနေလဲ။

နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၅ ခုရဲ့ စီးပွားရေးတိုးတက်မှုကို စဉ်းစားတဲ့အခါမှာ စီးပွားရေးရှုထောင့်ကကြည့်ရင် တချို့နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို စဉ်းစားတဲ့အခါမှာ စီးပွားရေးတစ်ခုတည်းကို တိုးတက်အောင်ဆိုတဲ့ အာရုံတစ်ခုပဲ ဦးစိုက်ပြီးလုပ်လို့ရတယ်။ ကိုယ့်နိုင်ငံမှာတော့ ထူးခြားတဲ့အခြေအနေ၊ ဒါလည်း စိတ်မကောင်းစရာပဲ ၁၉၄၈ ခုနှစ်ထဲက ပြည်တွင်းငြိမ်းချမ်းရေးမရခဲ့ဘူး။ ပြည်တွင်းပဋိပက္ခတွေ အမြဲတမ်းရှိနေတယ်။ မလေးရှား၊ စင်ကာပူ လွတ်လပ်ရေးမရခင် သူတို့မှာလည်း ပြည်တွင်းစစ်တွေ ရှိခဲ့တယ်။ ဗီယက်နမ်နိုင်ငံက အမေရိကန်နဲ့ စစ်ပြီးသွားတဲ့အချိန်မှာ သူတို့မှာ ပဋိပက္ခကို အာရုံစိုက်စရာမရှိတဲ့အတွက် သူတို့က စီးပွားရေးတစ်ခုတည်းကို ဇောက်ချစဉ်းစားလို့ရတယ်။

ဒီမှာ အမြဲတမ်းလွန်ဆွဲနေတာက စီးပွားရေးတိုးတက်မှုလုပ်တဲ့အခါတိုင်း ပဋိပက္ခရှိနေတယ်။ ရခိုင်တင်မကဘူး။ ကချင်၊ ရှမ်းမှာလည်း ရှိနေတယ်။ တစ်ဖက်က ဖွံ့ဖြိုးမှုကိုစဉ်းစားတဲ့အခါမှာ နောက်တစ်ဖက်က ပဋိပက္ခတွဲနေတဲ့အတွက် ဒီနှစ်ခုကို ကိုင်တွယ်တဲ့အခါမှာ အင်န်အယ်လ်ဒီအစိုးရအနေနဲ့လည်း ၂ဝ၁၅ ရွေးကောက်ပွဲနိုင်ပြီးနောက်မှာ ငြိမ်ချမ်းရေးကို ဦးစားပေးခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးရမှ စီးပွားရေးတိုးတက်နိုင်မယ်လို့ စဉ်းစားနေတဲ့အခြေအနေရှိတယ်။ တစ်ဖက်ကလည်း အပြန်အလှန်ဖြစ်တဲ့အတွက် စီးပွားရေးတိုးတက်မှုဖြစ်လာရင် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆလို့ရတယ်။

ပဋိပက္ခတော်တော်များများရဲ့ ဇစ်မြစ်အများကြီးထဲက မလွဲမသေ လက်ခံရမယ့်တစ်ခုက အလုပ်အကိုင်အခွင့်အလမ်းနည်းတဲ့ ပြဿနာပဲ။ စီးပွားဖွံ့ဖြိုးမှုနှောင့်နှေးလို့၊ အားမရလို့ ပဋိပက္ခဖြစ်တယ်ဆိုတာလည်း နိုင်ငံတကာမှာလည်း အတွေ့အကြုံရှိတယ်။ ပြည်တွင်းမှာလည်း အဲလိုရှိခဲ့တဲ့အတွက် ငြိမ်ချမ်းရေးရအောင်ရော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ရော နှစ်ခုကို တစ်ပြိုင်နက်ထဲလုပ်မှရမယ်။ စိန်ခေါ်မှုက သူများနဲ့ မတူဘူး။ ပိုပြီးများတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ပြီးမှ စီးပွားရေးတိုးတက်အောင် လုပ်ရမယ်ဆိုတဲ့ ရွေးချယ်စရာမရှိဘူး။ နှစ်ခုလုံး တစ်ပြိုင်နက်လုပ်မှရမယ်။ စီးပွားရေးကို လှည့်ကြည့်ပြီး နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းဘူးဆိုရင်လည်း ပြဿနာကမပြေလည်သလို နိုင်ငံရေးပြဿနာချည်းပဲဖြေရှင်းပြီး စီးပွားရေးအခြေအနေတွေကို မသုံးသပ်ရင်လည်း မဖြစ်နိုင်ဘူး။

ကိုဗစ်ကာလ တိုင်းပြည်စီးပွားရေး ကျဆင်းမှုကို အစိုးရက CERP စီမံကိန်းနဲ့ ပြန်လည်ကုစားရေးစီမံချက်တွေ လုပ်ဆောင်နေတယ်။ ကိုဗစ်ထိခိုက်မှုတွေအပေါ် စီးပွားရေးပြန်လည်နလန်ထူနိုင်ဖို့ဆို ဘယ်လိုလုပ်သင့်တယ်ထင်ပါသလဲ။

စီးပွားရေးတိုးတက်အောင်လုပ်မယ်ဆိုရင် ဆရာတို့နိုင်ငံမှာ အများစုက အသေးစား၊ အလတ်စားလုပ်ငန်းတွေ ထိခိုက်သလို၊ အလတ်တွေ၊ အကြီးတွေကိုပါ စီးပွားရေး အခုထိခိုက်နေတာက ပြန်ပြီးနလန်ထူဖို့ဆိုရင် ဒီသုံးလွှာစလုံးလုပ်မှရမယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လုပ်နိုင်တဲ့ ယန္တရားနှစ်ခုက ဘဏ္ဍာရေးမူဝါဒနဲ့၊ ငွေရေးကြေးရေးမူဝါဒ။ ဘဏ္ဍာရေးမူဝါဒကတော့ ဘတ်ဂျက်သုံးတာ။ နိုင်ငံတော်အစိုးရအနေနဲ့ နလန်ထူဖို့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာအောင် အထောက်အပံ့ပေးတယ်။ ဘတ်ဂျက်ချပေးတာ၊ စီးပွားရေး ပွင့်လင်းလာအောင်ဆောင်ရွက်တာ ၊ တခြားနိုင်ငံတွေမှာလည်းပေးတယ်။

ဘတ်ဂျက်တွေနဲ့ ပတ်သက်လို့ အစိုးရအသုံးစရိတ်တွေ ထောက်ပံ့ဖို့လိုတယ်။ ဈေးကွက်တွေ ဖော်ထုတ်ပေးဖို့ လိုတယ်။ ငွေရေးကြေးရေးမူဝါဒနဲ့ ပတ်သက်တဲ့ အတိုးနှုန်း ဘယ်လိုလုပ်ကြမလဲ။ ဒါလည်း အစိုးရလက်နက်ပဲ။ အတိုးနှုန်းတွေ လျှော့ပေးနေတယ်။ ဒီထက်ပိုပြီး ဘယ်လောက်ထိ လျှော့နိုင်မလဲ။ စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်အောင် အတိုးနှုန်းတွေ လျှော့ပေးဖို့လိုတယ်။ နိုင်ငံတော်အစိုးရလုပ်နိုင်တာက ဒီနှစ်ခုပဲ။ တဖက်က ဘတ်ဂျက်ငွေကြေးသုံးစွဲမှု ပမာဏကို ဒီထက်ပိုပြီးသုံးဖို့ သူတို့လည်း အစီအစဉ်တွေ လုပ်နေတယ်။

မကြာခင် ကြေညာလိမ့်မယ်လို့ ဆရာထင်တယ်။ ငွေရေးကြေးရေးမူဝါဒကို ဗဟိုဘဏ်အနေနဲ့ ဘယ်လောက်ထိ စဉ်းစားနိုင်မလဲ။ တခြားနိုင်ငံတွေမှာလည်း စဉ်းစားနေကြပြီ။ ဒါကတော့ အစိုးရတတ်နိုင်တဲ့ယန္တရားက ဒီနှစ်ခုပဲရှိတယ်။ ဒါက တခြားလူမလုပ်နိုင်ဘူး။ အစိုးရပဲ လုပ်နိုင်တယ်။ နောက်တစ်ခုက လုပ်ငန်းရှင်တွေ ခဏခဏညည်းတာက အလုပ်လုပ်ချင်ရင် နှေးတယ်ပြောတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ သူ့ရဲ့ယန္တရားကို ပြန်ကြည့်မှရမယ်ထင်တယ်။ အခုထိ ကြိုးနီစနစ်တွေရှိတုန်း။ အခုထိ ပါမစ်ကိစ္စ လျှောက်လွှာတင်ရတဲ့ဟာမျိုးရှိတုန်း။ အခုဆိုရင် e-goverment၊ zoom တွေရှိနေပြီ။ အွန်လိုင်းဖြစ်နေပြီဆိုရင် အားလုံးက အဲဒါတတ်ဖို့လိုတယ်။

အခုဆို အွန်လိုင်းစီးပွားရေး e-Commerce တိုးတက်နေပြီ။ e-govermentကလည်း သွက်သွက်လက်လက်လုပ်နိုင်ရင် နိုင်ငံတော်အစိုးရအနေနဲ့ ဘဏ္ဍာရေးမူဝါဒနဲ့ ငွေရေးကြေးရေးမူဝါဒက တစ်ဖက်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကြိုဆိုတာက တစ်ခု၊ နောက်တစ်ခုက Ease of doing business သွက်သွက်လက်လက်ဖြစ်အောင် လုပ်ရမယ်။ မြန်ဖို့လိုတယ်။ မှန်ဖို့လိုတယ်။ အခုခက်တာက နှေးတယ်။ နှေးတာကို ပြင်ဆင်ဖို့လိုတယ်။ ဈေးကွက်အသစ်တွေ ဖော်ထုတ်ဖို့လိုတယ်။ အခုဆိုရင် ဈေးကွက်က ကိုရီးယား၊ တရုတ်၊ ဂျပန် ပါလာပြီ။ နိုင်ငံတော်အစိုးရ လက်မှတ်ထိုးထားတဲ့ RCEP ကို ဘယ်လိုအခွင့်အရေးယူမလဲ။

နိုင်ငံတော်နဲ့ ပုဂ္ဂလိကကဏ္ဍ ပေါင်းပြီးတော့ ဒီအခွင့်အရေးတွေ ဘယ်လိုယူမလဲဆိုတာ စဉ်းစားဖို့လိုမယ်။ နောက်တစ်ခုက ရခိုင်ပြည်အတွက် One တန်ဖိုး၊ One Product ဖြစ်သလို မြန်မာပြည်တစ်ခုလုံးအတွက်လည်း OTOP လိုတယ်။ ကချင်မှာ ဘာထုတ်မလဲ။ ရှမ်းမှာ ဘာထုတ်မလဲ။ မွန်မှာ ဘာထုတ်မလဲဆိုတာ စဉ်းစားပြီးတော့ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်။ ဒီနေရာမှာ ပြည်တွင်းငြိမ်ချမ်းရေးရှိမှ အခုပြောတာ အားလုံးကဖြစ်နိုင်မှာ။ စီးပွားရေး၊ လူမှုရေး၊ ပဋိပက္ခ၊ ငြိမ်ချမ်းရေး၊ ပညာရေး၊ ပညာရေး အားလုံးတစ်ပြိုင်ထဲလုပ်ရမှာ။

ပြီးခဲ့တဲ့ ငါးနှစ်မှာ တိုင်းပြည်စီးပွားရေးက ထင်သလောက် မတိုးတက်ခဲ့ဘူး။ တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ လာမယ့်ငါးနှစ်မှာ တာဝန်ယူမယ့်အစိုးရက ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။

၂ဝ၁၅ တုန်းက နိုင်ငံ ၁၃ဝ က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တစ်ကမ္ဘာလုံးက အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ အသိအမှတ်ပြုလက်ခံသဘောတူထားတဲ့ ရေရှည်စဉ်ဆက်မပျက် ဖွံ့ဖြိုးမှုရည်မှန်းချက် (Sustainable Development Goals (SDGs) ၁၇ ချက်ရှိတယ်။ အဲဒီ ၁၇ ချက်ကို ကိုယ့်နိုင်ငံရဲ့ ပကတိအခြေအနေကို အခြေခံပြီး နိုင်ငံတော်အစိုးရက Myanmar Sustainable Development Goals (MSDGs) ၂ဝ၁၈-၂ဝ၃ဝ ရှိတယ်။ စဉ်ဆက်မပျက် ဖွံ့ဖြိုးမှုစီမံချက်မှာ ရခိုင်နဲ့ဆိုင်တဲ့ကိစ္စလည်းပါတယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စလည်း ပါတယ်။အကျုံးဝင်တဲ့ ဖွံ့ဖြိုးမှုပါ။ အဲဒီ ၁၇ ချက်ကို အာရုံ စိုက်စေချင်တယ်။

၂ဝ၃ဝ ကို အာရုံစိုက်စေချင်တယ်။ စီးပွားရေးပညာရှင်တစ်ယောက်အနေနဲ့ စီးပွားရေးတစ်ခုထဲ အာရုံပြုလို့မရဘူး။ တစ်ချိန်တုန်းက စီးပွားရေးတိုးတက်ရင် ကျန်းမာရေး တိုးတက်လာလိမ့်မယ်။ ကျန်းမာရေး၊ ပညာရေး၊ လူအခွင့်အရေးတွေ ကောင်းလာလိမ့်မယ်၊ အလိုလို ဖြစ်လာလိမ့်မယ်လို့ ယူဆခဲ့တယ်။ အခု အဲဒီအယူအဆကို လက်မခံတော့ဘူး။ စီးပွားရေးတိုးတက်ယုံနဲ့ ကျန်းမာရေးမတိုးတက်ဘူး။ သမိုင်းအထောက်အထားကိုကြည့်ရင် စီးပွားရေးတိုးတက်ပေမယ့် ကျန်းမာရေး၊ ပညာရေးမတိုးတက်တဲ့ နိုင်ငံတွေရှိတယ်။

မြန်မာနိုင်ငံ အနာဂတ်ရည်မှန်းချက်အတွက်ဆို ၂ဝဝဝ ကနေ ၂ဝ၁၅ ခုနှစ်ထိ အတွေ့အကြုံကိုယူပြီး ဆရာတို့အနေနဲ့ MSDGs 2015-2030 ရည်မှန်းချက်ရှစ်ခု သတ်မှတ်ခဲ့တယ်။ SDGs ၁၇ ချက်ကို အခြေခံပြီး ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ဖွံ့ဖြိုးမှု၊ စီးပွားရေး တိုးတက်မှုပါတယ်။ လူတွေ အာရုံမစိုက်တဲ့ ရာသီဥတုဖောက်ပြန်မှုပါတယ်။ မြေပေါ်မြေအောက် သယံဇာတပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ရမယ်။ လူ့အခွင့်အရေးစောင့်ရှောက်မှု၊ အဂတိလိုက်စားမှု လျော့ပါးရေး၊ လွှမ်းခြုံကြည့်တဲ့ ဖွံ့ဖြိုးမှုကို လက်ခံလာတယ်။ ဆရာတို့နိုင်ငံမှာ ဖွံ့ဖြိုးမှုလို့ပြောရင် စီးပွားရေးတိုးတက်ရင် အောင်မြင်ပြီလို့ ပြောနေတာ။ မိသားစုတစ်ခုမှာ စီးပွားရေး အဆင်ပြေပေမယ့် အိမ်ထောင်ဦးစီးက ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲလဲနေရင် အဲဒါတိုးတက်တယ်လို့ မပြောနိုင်ဘူး။စီးပွားရေး ပြည့်စုံနေပေမယ့် ပညာမတတ်ရင် တိုးတက်တယ် မပြောနိုင်ဘူး။