အနုပညာက စစ်ပွဲတွေထက် သာလွန်အားကောင်းတယ်လို့ပြောတဲ့ အာဖဂန်နစ္စတန်က ပထမဆုံးအမျိုးသမီး ဂရပ်ဖတီအနုပညာရှင် ရှမ်စီယာဟာဆန်နီ (၂)

အနုပညာက စစ်ပွဲတွေထက် သာလွန်အားကောင်းတယ်လို့ပြောတဲ့ အာဖဂန်နစ္စတန်က ပထမဆုံးအမျိုးသမီး ဂရပ်ဖတီအနုပညာရှင် ရှမ်စီယာဟာဆန်နီ (၂)

ယမန်နေ့မှ အဆက် -

လွန်ခဲ့တဲ့ ရှစ်နှစ်က ကျွန်မ အာဖဂန်ကို ပြန်ရောက်စတုန်းကဆိုရင် အနုပညာသမားတွေ၊ အနုပညာလက်ရာတွေဆိုတာ မတွေ့ရသလောက် နည်းပါးပါတယ်။ ဒါပေမဲ့ အခုတော့ ပြောင်းလဲတိုးတက်လာနေပါပြီ။ အရင်ကထက် ပိုပြီးကောင်းမွန်လာပါပြီ။

Berang အနုပညာအဖွဲ့အစည်းကြီးမှာ ပါဝင်လာတဲ့အကြောင်းလည်း ပြောပြပါဦး။

Berang ဆိုတာကတော့ ''အရောင်မဲ့'' လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီ Berang အနုပညာအဖွဲ့အစည်းက သမိုင်းရှိတဲ့ အဖွဲ့အစည်းပါ။ ဒီအဖွဲ့ကရွေးချယ်တဲ့ ၂ဝဝ၉ ခုနှစ် ကဘူးမှ ထိပ်တန်းအနုပညာရှင် ၁ဝ ဦးစာရင်းမှာ ကျွန်မ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် အရွေးချယ်ခံ အနုပညာရှင် ၁ဝ ဦးစလုံးဟာ ခေတ်ပြိုင်အနုပညာကို ဦးတည်တဲ့ အနုပညာအဖွဲ့အစည်းတစ်ရပ် ထူထောင်ဖို့ လိုလားခဲ့ကြပြီး ကျွန်မတို့ အတူပူးပေါင်းပြီး အနုပညာဖန်တီးမှုနဲ့ စုဆောင်းမှုတွေ လုပ်ခဲ့ကြတယ်။ ပထမတော့ ကျွန်မတို့အဖွဲ့ကို Rosht လို့ အမည်ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ Berang လို့ပဲ ခေါ်ကြတယ်။

ကျွန်မတို့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုထိ ကျွန်မတို့မှာ လုံလောက်တဲ့ရန်ပုံငွေမရှိပေမဲ့ အနုပညာဖွံ့ဖြိုးတိုးတက်ရေးကို တတ်နိုင်သလောက် ကြိုးပမ်းနေပါတယ်။ ကျွန်မတို့ရည်ရွယ်တာကတော့ တခြားအနုပညာရှင်တွေလည်း လေ့လာနိုင်စေလိုတာပါ။ အနုပညာဖန်တီးမှု လုပ်ချင်ပေမယ့် နေရာမရှိလို့ မလုပ်နိုင်တဲ့ အနုပညာရှင်တွေ အများကြီးပါ။ အနုပညာရှင်တိုင်း လေ့လာနိုင်မယ့် စာကြည့်တိုက်တစ်ခုကိုလည်း ထူထောင်ဖို့စဉ်းစားထားပါတယ်။ ကျွန်မတို့ အာဖဂန်မှာ ခေတ်ပြိုင်အနုပညာ ဖွံဖြိုးတိုးတက်ဖို့ အကြံအစည်တွေ စိတ်ကူးစိတ်သန်းတွေ အများကြီးရှိပါသေးတယ်။

ရှင်တို့ အာဖဂန်မှာ အင်တာနက်ဆက်သွယ်ရေးကြောင့် ခေတ်ပြိုင်အနုပညာကို လူအများ ပိုမိုသတိပြုမိလာတယ်လို့ ထင်ပါသလား။

ကျွန်မကတော့ အတိအကျမသိပါဘူး။ အင်တာနက်ကြောင့် လူအများဟာ အနုပညာလက်ရာသစ်တွေကို လေ့လာဖို့၊ အနုပညာ တင်ပြမှုပုံစံသစ်တွေ လေ့လာဖို့တော့ စိတ်ကူးတွေရစေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မ ယူဆတာကတော့ အနုပညာလက်ရာတစ်ခုကနေ သတင်းစကားတစ်စုံတရာကို တွေးမြင်မိတာနဲ့ ''အနုပညာ'' ပဲလို့ စဉ်စားမိမှာမဟုတ်ပါဘူး။ လူတိုင်းဟာ သူတို့ရဲ့ခံစားမှုကို သူတို့ရဲ့ဖန်တီးမှု အနုပညာပုံရိပ်ကနေ ထင်ဟပ်ဖော်ထုတ်ဖို့ နှစ်သက်ကြသူတွေချည်းပါ။ မော်ဒန်ဖြစ်ဖြစ်၊ ခေတ်ပြိုင်ဖြစ်ဖြစ် အနုပညာလက်ရာဆိုတာ ရုပ်ပုံသက်သက်လေးမဟုတ်ဘဲ အဲဒီရုပ်ပုံကနေ သတင်းစကားတွေ ပြောနေမယ်။ တစ်ခုခုကို လှစ်ပြနေတယ်လေ။

ကျွန်မတို့ အာဖဂန်မှာဆိုရင် နိုင်ငံရေးနဲ့ လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းအခြေအနေမှာ လူတိုင်း တစ်စုံတစ်ခု ဖွင့်ဟချင်၊ ပြောပြချင်နေပါတယ်။ နိုင်ငံသားတိုင်းဟာ စစ်ပွဲတွေကြောင့် ပင်ပန်းလွန်းနေပါပြီ။ ဒီလိုအကြောင်းအရာကို ထင်ဟပ်တင်ပြတဲ့ ရုပ်ပုံတွေ၊ ဖန်တီးမှုတွေကို သူတို့ ခံစားရနိုင်ပါတယ်။ အခုကာလမှာ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ အကြောင်းတွေရှိနေပြီး အဲဒီအကြောင်းအရာကိုက မျှော်လင့်ရာ အတွေးစိတ်ကူးဖြစ်သလို ပြည်သူတွေ လိုလားတာလည်း ဖြစ်နေပါတယ်။

အနုပညာသမားတွေဟာ အနုပညာဖန်တီးမှုကို အသုံးပြုပြီး သူတို့ရဲ့ နိုင်ငံရေးခံစားမှု ဖွင့်ထုတ်သံအဖြစ် အသုံးပြုကြသလားရှင်။

ဟုတ်ကဲ့။ အဲဒီလို သုံးကြတာမျိုး ရှိနိုင်ပါတယ်။ နိုင်ငံရေးအတွက်သာမက တခြားသောပြဿနာ အခက်အခဲတွေ၊ ဥပမာ- ပညာရေးနိမ့်ကျမှုဆိုတာမျိုးတွေကိုလည်း သူတို့ရဲ့ အနုပညာဖန်တီးတင်ပြမှုမှာ ထင်ဟပ်တင်ပြကြပါတယ်။ အနုပညာသမားတိုင်းက နိုင်ငံရေးအပြောင်းအလဲကို လိုလားနေကြတာဖြစ်ပြီး သူတို့ရဲ့ အတွေးစိတ်ကူးတွေနဲ့ အခက်အခဲ အကျပ်အတည်းတွေကို ပြည်သူတွေ မြင်သာခံစားရဖို့ ညွှန်းပြုဖန်တီးကြပါတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့အနုပညာကို ဖွံ့ဖြိုးတိုးတက်စေချင်သလို သူတို့ရဲ့ဖန်တီးမှုနဲ့ ပြည်သူတွေကို အကျိုးပြုစေချင်ကြပါတယ်။

ရှင့်အနေနဲ့ Street Art ဂရပ်ဖတီ ရေးဆွဲဖန်တီးမှုကိုအသုံးပြုပြီး အာဖဂန်မှာ အမျိုးသမီးအခွင့်အရေးကို ထင်ဟပ်ပြဖို့ ဘယ်လိုဇောင်းပေး တင်ပြပါသလဲ။

ဒီအကြောင်းကိုပြောပြဖို့ ကျွန်မ တကယ့်ကိုလိုလားတာအမှန်ပါ။ ကျွန်မမြင်မိသလောက် ကျွန်မတို့ ပြည်သူတွေဟာ စစ်ပွဲတွေ၊ တာလီဘန်တွေနဲ့ ပတ်သက်ပြီး အခက်အခဲ အကျပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပါတယ်။ အမျိုးသမီးတွေအတွက်ဆို ခက်ခဲကျပ်တည်းတဲ့ ကန့်သတ်မှုနဲ့ အနေအထားအမျိုးမျိုးကြောင့် ပိုပြီးကြမ်းတမ်းပါတယ်။ အရင်ခေတ်တွေတုန်းကဆို အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းကနေ ဖယ်ကြဉ်ခံရတာတွေ၊ အိမ်တွင်းပုန်းအဖြစ်သာ နေထိုင်ရတာတွေ၊ မိန်းမဘဝကို မေ့ပျောက်ချင်တာတွေအထိ ရှိခဲ့ပါတယ်။ အခုတော့ ကျွန်မက ကျွန်မရဲ့အနုပညာဖန်တီးမှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးဖို့ အသုံးပြုပါတယ်။

ကျွန်မဟာ ကျွန်မရဲ့ရုပ်ပုံတွေကနေ အမျိုးသမီးတွေရဲ့ ခွန်အားအစွမ်းတွေ၊ အမျိုးသမီးတွေရဲ့ ကျေနပ်ဝမ်းမြောက်မှုတွေကို ထင်ဟပ်တင်ပြပါတယ်။ ဒီလိုတင်ပြဖို့ ကျွန်မရဲ့အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ရတယ်။ အာဖဂန်လူမှု အသိုက်အဝန်းမှာ အမျိုးသမီးတွေဟာ ပုံစံသစ်၊ ခွန်အားသစ်တွေနဲ့ ပြန်လည်နေရာရလာရေးကို ရည်ညွှန်းတင်ပြလိုတာလည်းပါပါတယ်။ အိမ်တွင်းပုန်းနေမှ အမျိုးသမီး ပီသတာလို့ အယူစွဲခေတ် မဟုတ်တော့ပါဘူး။ အတွေးစိတ်ကူးသစ်တွေနဲ့ ပြည့်စုံတဲ့ ခေတ်သစ်အမျိုးသမီးတွေ ဖြစ်စေချင်တာပါ။ ခွန်အားအစွမ်းရှိပြီး မိမိတို့ရဲ့ ကဏ္ဍသစ်ကို စတင်တွန်းဖွင့်လိုစိတ်ရှိမှ တကယ့်အမျိုးသမီးပါ။ ဒီအကြောင်းအရာကို ကျွန်မရဲ့ လက်ရာတွေထဲမှာ တွေ့မြင်နိုင်မှာဖြစ်ပြီး ဒီက အမျိုးသမီးတွေရဲ့ ပုံစံခွက်ဟောင်းကနေ ပြောင်းလဲလာစေချင်တာပါ။ ကျွန်မရေးဆွဲတာက ဘဝတစ်ခု ဖြတ်သန်းမှုထက်ပိုပြီး ခိုင်မာအားကောင်းတဲ့ အမြင်မျိုးတွေအထိ သိမြင်ခံစား ပြောင်းလဲစေချင်တာပါ။ အခုတော့ အရင်ကနဲ့မတူတော့တဲ့ အမြင်အတွေးတွေ ပြည်သူတွေ မြင်လာစေချင်ပါတယ်။

အနောက်တိုင်းမီဒီယာတွေမြင်တာက ဘူရ်ခါ(Burqa) ခြုံထည်ကို အမြဲဝတ်ဆင်ရတာကို အမျိုးသမီးတွေအတွက် လွတ်လပ်ခွင့်ဆုံးရှုံးတယ်၊ ပိတ်လှောင်ထားတာ ခံရတယ်လို့မြင်တာမျိုးရှိပါတယ်။ ရှင့်အနေနဲ့ ဒီလိုဘူရ်ခါခြုံရတာနဲ့ပတ်သက်ပြီး ရှင့်ရဲ့ သဘောထားအမြင်ကို ပြောပြပေးနိုင်မလား။

ဒီလို ဘူရ်ခါခြုံကြရတာနဲ့ ပတ်သက်ပြီး ပြဿနာလို့မြင်ကြတာ ကမ္ဘာတစ်ဝန်း အများအပြားရှိနေပါတယ်။ သူတို့အထင်က မိန်းမတွေ ဘူရ်ခါကို ဖယ်ရှားနေထိုင်တာ ပြဿနာတစ်ရပ်လို့ မမြင်ကြဘူးလေ။ ဒါပေမဲ့ ဒါဟာ အမှန်တရား မဟုတ်သေးပါဘူး။ ကျွန်မခံစားရတာက အမျိုးသမီးတွေအတွက် အာဖဂန်မှာ ပြဿနာတွေ အများကြီးရှိနေပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေ ပညာရေးမှာ တက်ရောက်သင်ယူခွင့်မရတာက ဘူရ်ခါခြုံတာထက် ပိုပြီးအရေးကြီးတဲ့ ပြဿနာပါ။ တကယ်လို့ ဘူရ်ခါမခြုံရတော့ဘူးပဲထား၊ ကျန်သေးတဲ့ တခြားပြဿနာတွေက ရှိနေဦးမှာပါ။ ဘူရ်ခါ ခြုံခြင်း၊ မခြုံခြင်းဆိုတာက အဓိက ပြဿနာမဟုတ်ပါဘူး။ ဒီအပေါ် အလေးအနက်ထား စဉ်းစားနေဖို့မသင့်ပါဘူး။ ကျွန်မတို့အနေနဲ့ ဘူရ်ခါ ခြုံသင့်၊ မခြုံသင့်ဆိုတာထက် လက်တွေ့ကျကျစဉ်းစားရမှာက အရေးကြီးတဲ့ပြဿနာကို ဦးစားပေးစဉ်းစားကြရင် ဒီအမြင်က သိပ်အဆိုးကြီးမဟုတ်တော့ပါဘူး။ ဘူရ်ခါ ခြုံပြီးတော့လည်း ကိုယ့်ရဲ့အရည်အချင်းကို တိုးတက်အောင်လုပ်နိုင်တယ်၊ ပြီးတော့ လူ့အဖွဲ့အစည်းအတွင်းမှာ ရပ်တည်နေနိုင်ပါတယ်။

ဟုတ်ပါပြီ ရှင့်ရဲ့ လက်ရာအတော်များများမှာ အပြာရောင်ကို အသုံးပြုတာများတယ်လို့ တွေ့မြင်ခံစားရတယ်။ ဘာကြောင့်လဲ။

အပြာရောင်က ကျွန်မ နှစ်သက်စွဲလမ်းတဲ့အရောင်ပါ။ ကျွန်မ တကယ့်ကို နှစ်သက်တာပါ။ အပြာရောင်သုံးပြီး ဖန်တီးတာက ကျွန်မရဲ့ခံစားမှုကို အဆင်ပြေ သိမ်မွေ့စေသလို တချို့လူတွေပြောကြတဲ့ အပြာရောင်ဆိုတာ လွတ်လပ်မှုကို ကိုယ်စားပြုတယ်ဆိုတာမျိုးလည်း ကြားဖူးပါတယ်။ ကျွန်မအတွက်တော့ အပြာရောင်ဟာ ဘူရ်ခါကို ဖယ်ရှားဖို့ဆိုတာမျိုး မဟုတ်သလို လွတ်လပ်မှုဟာ ငြိမ်းချမ်းမှုသာ ဖြစ်ပါတယ်။

အာဖဂန်မှာ ခေတ်ပြိုင်အနုပညာ ဖန်တီးတင်ပြမှုက အရေးပါတယ်လို့ ယူဆပါသလား။ ဘာကြောင့်ပါလဲ။

ဟုတ်ကဲ့အရေးကြီးပါတယ်။ ဒီက ပြည်သူတွေဟာ လက်တွေ့မပါတဲ့ 'စကားလေလုံး' တွေနဲ့ မောပန်းနေကြပါပြီ။ ပြည်သူတွေကို ရုပ်တစ်ခုခု ပြသလိုက်တယ်ဆိုရင် ဒါဟာ 'စကားလက်ဆောင်' ပါးတာပါပဲ။ ရုပ်ပုံတွေက သူတို့ရဲ့ ခံစားနေရမှုကို ပိုပြီးသက်ရောက်မှုရှိစေပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတာရှိသလို ရုပ်ပုံတစ်ခုဟာ စကားလုံး ထောင်၊ သောင်းချီ ပြောပြနိုင်တယ် မဟုတ်လား။ ရုပ်ပုံတစ်ခုက အချင်းချင်းကြား ရင်းနှီးစွာ ပြောဆိုစေပါတယ်။

အဲဒီကနေ အနုပညာနဲ့ ပေါင်းဆင့်လာမယ်ဆိုရင်တော့ ဘယ်လိုပဲ ထိရှလွယ်တဲ့ အကြောင်းအရာဖြစ်ပါစေ အချင်းချင်းကြား အတွေးအခေါ်ဟောင်းတွေ၊ အယူအဆဟောင်းတွေကို ပြောင်းလဲယူနိုင်လာမှာပါ။ အနုပညာက ကောင်းမွန်တဲ့ အပြောင်းအလဲကို ဦးတည်စေနိုင်ပါတယ်။ အနုပညာနဲ့ ပြည်သူတွေရဲ့ အတွေးအမြင်တွေ ပွင့်လင်းလာစေနိုင်ပါတယ်။ ကျွန်မတို့ အာဖဂန်နစ္စတန်နိုင်ငံဟာ အခုမှမွေးလာတဲ့ ကလေးငယ်လေးလိုပါပဲ။ ကိုယ့်ကိုယ်ကို ရပ်တည်ပြီး လမ်းလျှောက်ဖို့ သင်ယူရဦးမှာပါ။ တခြားနိုင်ငံတွေကလည်း ကျွန်မတို့နိုင်ငံ ကိုယ့်ခြေထောက်နှစ်ချောင်းပေါ် ကိုယ်ပိုင်ရပ်တည်ပြီး ခြေလှမ်းတွေလှမ်းနိုင်ဖို့ အကူအညီတွေ ပေးနေပါတယ်။

ရှင့်အနေနဲ့ တခြားသော ပြင်ပနိုင်ငံတွေက အနုပညာရှင်တွေ အာဖဂန်ကို လာရောက်ပြီး အနုပညာဖန်တီးမှု ပူးပေါင်းဖလှယ်တာတွေလုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလား။

အခုထိတော့ မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးက မပြည့်စုံသေးဘူးလေ။ ကျွန်မတို့အနေနဲ့ အခုမှ ရန်ပုံငွေ အထောက်အပံ့ရရှိရေး ပရိုပိုဇယ်(Proposal) တွေတင်ပြီး လျှောက်ထားတင်ပြနေရဆဲဖြစ်ပြီး ငွေရလာရင်တော့ လုပ်စရာအစီအစဉ်တွေ အများကြီးလုပ်သွားဖို့ ရှိနေပါတယ်။

ဒီလို ပရိုပိုဇယ် တင်ပြလျှောက်ထားတာက အာဖဂန်အနုပညာရှင်တွေကို နိုင်ငံတကာက အသိအမှတ်ပြုတာနဲ့ အထောက်အပံ့ပြုတာမျိုးအတွက် အရေးပါ အရေးကြီးပါသလား။

တခြား ဘယ်လိုထောက်ပံ့မှုမျိုးနဲ့ ထောက်ပံ့ပြုတာက ပိုအဆင်ပြေ ကောင်းမွန်မလဲရှင့်။ ဟုတ်ကဲ့ရှင့်။ သူတို့ (အာဖဂန်အနုပညာရှင်တွေ)က နိုင်ငံတကာအစီအစဉ်တွေနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ အစီအစဉ်တွေကို လိုလားနှစ်သက်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကျွန်မရဲ့ အတွေးအမြင်နဲ့ အယူအဆတွေကို တခြားနိုင်ငံက အနုပညာရှင်တွေနဲ့မျှဝေဖို့ လိုလားပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို ကျွန်မတို့ အာဖဂန်အနုပညာရှင်တချို့ ရရှိကြပေမဲ့ အားလုံးတော့ မရနိုင်ကြသေးပါဘူး။ ကျွန်မက ခရီးသွားလေ့လာရတာကို နှစ်သက်ပါတယ်။ အာဖဂန်က တချို့အနုပညာရှင်တွေက အာဖဂန်နိုင်ငံပြင်ပ ခရီးသွားဖို့ မတူညီတဲ့ အမြင်တွေရှိပါတယ်။

ကျွန်မအမြင်ကတော့ တခြားသော နိုင်ငံတွေက လူအမျိုးမျိုးနဲ့ တွေ့ဆုံပြောဆိုချင်တယ်။ အာဖဂန်ပြည်သူတွေကိုလည်း သူတို့ရဲ့အတွေးတွေ ပြောင်းလဲလာစေချင်ပါတယ်။ အာဖဂန်နစ္စတန်ဆိုတာ စစ်ပွဲတွေနဲ့ လူသိများတာပါ။ တကယ်လို့သာ အာဖဂန်က အနုပညာရှင်တွေအကြောင်း တဖြည်းဖြည်း သိလာကြပြီဆိုရင် ကျွန်မတို့ အာဖဂန်နစ္စတန်နိုင်ငံကို မြင်နေကြတဲ့ အမြင်တွေလည်း ပြောင်းလဲလာမှာပါ။ အဲဒီကနေ ကျွန်မတို့ ပြည်သူတွေလည်း ကိုယ့်နိုင်ငံဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ပြောင်းလဲသွားစေမှာပါ။ ကျွန်မတော့ ဒီလိုပဲ မျှော်လင့်ပါတယ်။ အာဖဂန်မှာ စစ်ပွဲတွေရှိတယ်။ ဒါပေမဲ့ စစ်ပွဲတွေနောက်မှာ အနုပညာဖန်တီးမှုတွေရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်မတို့လိုလားတာကတော့ အာဖဂန်ကို 'စစ်ပွဲ' ဆိုတာထက် အနုပညာမြင့်မားအားကောင်းတာကို ပိုပြီးမြင်စေချင်ပါတယ်။

ရှင့်အနေနဲ့ နိုင်ငံတကာမှာပြသမယ့် ပြပွဲတွေ၊ အစီအစဉ်တွေ လုပ်သွားဖို့ ရှိပါသလား။

ကျွန်မ ဆွစ်ဇာလန်က ပြန်လာတာ မကြာသေးဘူးဆိုတာ ရှင် သိကောင်းသိမလားပဲ။ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလက ကျွန်မ ဒိန်းမတ်နိုင်ငံကို သွားရောက်ခွင့်ရခဲ့တယ်။ World Images in Motion အစီအစဉ်နဲ့ပါ။ အဲဒီနှစ် အောက်တိုဘာမှာ ဂရပ်ဖတီ အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ အမေရိကန်ကို ရောက်ခဲ့ပါတယ်။ အဲဒီကာလမှာ ကျွန်မကို ဖိတ်ကြားခဲ့တဲ့ အစီအစဉ်တွေ၊ အဖွဲ့အစည်းတွေ အများအပြားရှိခဲ့သလို သူတို့ရဲ့အစီအစဉ်က အချိန်တွေတိုက်နေတယ်လေ။ ပြီးတော့ ကျွန်မ တာဝန်ယူထားတဲ့ တက္ကသိုလ်မှာလည်း လစ်ဟာမှုတွေ ရှိလာနေတော့ ကျွန်မ ခရီးဆက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုအနေအထားမျိုးမှာ ကျွန်မ အချိန်ကို စီမံခန့်ခွဲ လုပ်ဆောင်သွားဖို့ အလေးထားနေရပါတယ်။

ရှင့်အနေနဲ့ တခြားနိုင်ငံက Street Art အနုပညာရှင်တွေကို ဖိတ်ခေါ်စုစည်းပြီး ပြပွဲလှုပ်ရှားဖို့ အစီအစဉ်ရော ရှိပါသလား။

ဂရပ်ဖတီဖန်တီးတင်ပြမှုမှာ ကျွန်မအကြိုက်ဆုံးက ဘန့်ခ်ဆီ(Banksy)ပါ။ ကျွန်မရဲ့ 'ဂရပ်ဖတီအိပ်မက်' မှာဆိုရင် သူ့လက်ရာတွေကို ထည့်သွင်းရေးဆွဲမိတာမျိုး ရှိပါတယ်။ 'ဘန့်ခ်ဆီနဲ့ပူးပေါင်းမိသော ဂရပ်ဖတီအိပ်မက်' စီးရီးတစ်ခုလုပ်ဖို့ စိတ်ကူးလည်း ရှိပါတယ်။ ကျွန်မက ဘန့်ခ်ဆီရဲ့ ဂရပ်ဖတီလက်ရာတွေကို နှစ်သက်သူဖြစ်တော့ ကျွန်မရဲ့ မျှော်လင့်အိပ်မက်ဖြစ်တဲ့ 'ဂရပ်ဖတီအိပ်မက်' မှာ ပါဝင်နေပါတယ်။ ကျွန်မ ဘန့်ခ်ဆီနဲ့ အဆက်အသွယ်ရပြီး တစ်နေ့နေ့မှာ သူနဲ့ ပူးပေါင်းတင်ဆက်နိုင်ဦးမယ်လို့ မျှော်လင့်မိပါတယ်။