နေပြည်တော်မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့များသို့ ခရီးသည်တင်ယာဉ်အချို့ ထွက်ခွာပြေးဆွဲလျက် ရှိနေသော်လည်း တရားဝင်အားဖြင့် ခွင့်ပြုပေးထားခြင်းမရှိကြောင်း နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)မှ တာဝန်ရှိသူများက ပြောသည်။
"ယာဉ်လိုင်းပြေးဆွဲတာ မရှိသေးဘူး။ ခွင့်ပြုထားတာ ဘာမှမရှိသေးဘူး"ဟု အဆိုပါကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဆွေက မြန်မာတိုင်းမ်သို့ ဒီဇင်ဘာ ၂၄ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခွင့်နှင့် ပတ်သက်ပြီး ဒေသအာဏာပိုင် အဖွဲ့အစည်းဖြစ်သော နေပြည်တော်ကောင်စီကလည်း မထသ(အဝေးပြေး)သို့ ညွှန်ကြားထားခြင်းမရှိသေးကြောင်း သိရသည်။
သူတို့ကတော့ ပြန်ဖွင့်ပြီဘာညာဆိုပြီး လုပ်တော့ လုပ်နေတာပဲ။ လောလောဆယ် အနေအထားက ဘာလုပ်မယ်မှန်း ကျွန်တော်တို့လည်း မသိဘူး"ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အပြင် ယာဉ်လိုင်းများနှင့် တွေ့ဆုံကာ သဘောထားမေးမြန်းမှုလည်း မရှိသေးဟု ဆိုသည်။
သို့သော်လည်း ယာဉ်လိုင်းအချို့က နေပြည်တော်မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိမြို့များသို့ ထွက်ခွာပြေးဆွဲမှုရှိနေကြောင်း ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ "အန်စာတုံးပဲ ထွက်သေးတယ်။ နေပြည်တော် -တောင်ကြီး၊ နေပြည်တော် -မန်းတလေး ခြောက်သောင်း။ ကျန်းမာရေး စစ်ဆေးချက်ပြနိုင်ရင်တော့ တစ်သောင်းခွဲလျှော့ပေးတယ်တဲ့"ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်အချို့သည် မထသ(အဝေးပြေး)မှ တရားဝင် ခွင့်ပြုချက်ဖြင့် ထွက်ခွာနေခြင်းမဟုတ်ဘဲ တရားမဝင် ပြေးဆွဲနေခြင်းဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးကလည်း ပြောသည်။ "တရားမဝင်ထွက်တဲ့ ကားတွေတော့ အများကြီးပါ"ဟု ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါ ထွက်ခွာပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များသည် မထသ(အဝေးပြေး)၏ ကြီးကြပ်မှုအောက်တွင် မရှိကြောင်းလည်း ဦးမြတ်မိုးက ဆက်လက်ပြောကြားသည်။
ပြည်တွင်း လေကြောင်းခရီးစဉ်များကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ပြေးဆွဲခွင့်ပြုလိုက်သကဲ့သို့ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများကိုလည်း ယခုလကုန်တွင် ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ သို့သော်လည်း ဦးဝင်းဆွေကမူ "နေပြည်တော်ကောင်စီကလည်း ကတော့ ဘာမှ လာမပြောသေးဘူး"ဟု ပြန်လည်ပြောကြားသွားသည်။
















