၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည် ပြည်ခိုင်ဖြိုးပါတီ ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးသည် မဲဆွယ်စည်းရုံးရေး ကာလအတွင်း လူမျိုးရေး ဘာသာရေးဆိုင်ရာ ဟောပြောမှုများ ရှိသည်ဟု ဆိုကာ ပြိုင်ဘက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေ၏ကိုယ်စားလှယ် ဦးသက်ထွေးက ဒီဇင်ဘာလ၂၄ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းလိုက်သည်။
“ သိပ်ထူးထူးခြားခြားမရှိပါဘူး ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးတဲ့နေရာမှာပေါ့လေ ဘာသာရေး လူမျိုးရေး ကိစ္စလေးတွေ ထည့်ပြောတဲ့ ဟာလေးတွေရယ် တခြား ဖြစ်စဉ်လေးတွေပေါ့။ သိပ်အသေးစိတ်တော့ ကျွန်တော်တို့ မပြောတော့ပါဘူး။ အဲ့ဖြစ်စဉ်လေးတွေအပေါ်မှာ ရွေးကောက်ပွဲဥပဒေနဲ့အညီ ကန့်ကွက်တာပါ သိပ်ထူးထူးခြားခြားကြီး မဟုတ်ပါဘူး “ ဟု ဦးသက်ထွေးက ပြောသည်။
ယနေ့ တင်သွင်းသည့်ကန့်ကွက်လွှာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံလိုက်ပြီဖြစ်ပြီး အမှု နှင့် ပတ်သတ်သည့် သက်သေအထောက်အထား အချက်အလက်များကို ကန့်ကွက်လွှာအတွင်း အသေးစိတ် ထည့်သွင်း ရေးသားထားကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။
၎င်းက “ ရွေးကောက်ပွဲ ကော်မရှင်ရုံးကနေပြီးတော့ ကန့်ကွက်လွှာ မှတ်ပုံတင်နံပါတ် ၂၄၂ နဲ့ လက်ခံထားပါ တယ် လောလောဆယ်တော့ ကျွန်မတို့ ကန့်ကွက်လွှာတင်ထားတဲ့ အဆင့်ပဲရှိပါသေးတယ် ကန့်ကွက်တဲ့ အခါမှာ တော့ ရွေးကောက်ပွဲကာလမှာ ဦးသန်းဌေးအပါအဝင် ဦးသန်းဌေးကို ကိုယ်စားလှယ် ဖြစ်အောင် လိုလားတဲ့သူတွေရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ်ကန့်ကွက်လွှာမှာ တင်သွင်းပြီးတော့ ကန့်ကွက်လွှာတင်သွင်းထား ခြင်းဖြစ်ပါတယ်” ဟုပြောသည်။
ယခုကန့်ကွက်မှုအတွင်း ဘာသာရေးလူမှုရေး ဆိုင်ရာ ဟောပြောမှုများအပြင်အခြားသော တရားမဲ့ပြုကျင့်မှုများ လည်း ရှိသည့်အတွက် ယင်းအကြောင်းအရာများကိုပါ ထည့်သွင်ထားကြောင်း ဦးသက်ထွေးက ရှင်းပြသည်။
၎င်းက “ကျွန်တော်တို့ ရွေးကောက်ပွဲ အောင်နိုင်ရေးကာလအတွင်းမှာပေါ့ ကျွန်တော်တို့ ဆိုင်းဘုတ်ဖျက်ခံရတဲ့ ကိစ္စတို့ အောင်နိုင်ရေးကားကို ခဲနဲ့ ထုခံရတဲ့ကိစ္စတို့ ဒါလေးတွေလည်း ကျွန်တော်တို့ ထည့်ထားပါတယ်” ဟုပြောသည်။
ယခု ကန့်ကွက်လွှာသည် ကိုယ်စားလှယ်အချင်းချင်း ကန့်ကွက်သည့် အမှုဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင် ရာ ဥပဒေများနှင့် ငြိစွန်းကြောင်း ထင်ရှားပါက အနိုင်ရထားသည့် ဦးသန်းဌေး သည့် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲ ခံရမည့် အခြေအနေဖြစ်ကြောင်း ဒေါ်စုဒါလီအောင်က ရှင်းပြသည်။
ကျင်းပ ပြီးစီးခဲ့သည် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများရှိသည်ဟုဆိုကာ ပါတီ တစ်ခု နှင့် တစ်ခု အကြား အပြန်အလှန် ကန့် ကွက်မှုများ ရှိနေပြီး ပြည်ခိုင်ဖြိုးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့်ကွက်မှု အများဆုံးဖြစ်သည်။

















