NLD မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်သူအများစု သတ်မှတ်ခိုင်လုံမဲမရ၍ ရွေးကောက်ပွဲအာမခံကြေးအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း

NLD မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲဝင်သူအများစု သတ်မှတ်ခိုင်လုံမဲမရ၍ ရွေးကောက်ပွဲအာမခံကြေးအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနုတ်ထွက်ပြီး အခြားပါတီနှင့် တစ်သီးပုဂ္ဂလများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူအများစုသည် ခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော်(၈ ပုံ ၁ ပုံ)မရ၍ရွေးကောက်ပွဲအာမခံကြေး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရကြောင်း သိရသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD မှ ယှဉ်ပြိုင်အနိုင်ရပြီး အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်သော်လည်းကောင်း၊ ပါတီတာဝန်မှ ရပ်စဲခံရ၍သော်လည်းကောင်း ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂနှင့် အခြားပါတီများသို့ ပြောင်းရွှေ့ဝင်ပြိုင်ခဲ့သူအများစုသည် ရွေးကောက်ပွဲ၌ရှုံးနိမ့်ပြီးအများစုမှာ ခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမရသဖြင့်အာမခံကြေး ကျပ်သုံးသိန်းထုတ်ခွင့်မရကြကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံမှသိရသည်။

ယခင်က NLD ပါတီ၏ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ သက်သက်ခိုင်သည် ပါတီတာဝန်မှ ရပ်စဲခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ကို ထူထောင်ကာ မရမ်းကုန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်း မရခဲ့ကြောင်းအနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

အလားတူ NLD ပါတီတာဝန်မှ ရပ်စဲခံရသည့် ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည်လည်း ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် PPP ပါတီကိုယ်စားပြု၍ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ မှဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ခိုင်လုံမဲ ၁၂ဒသမ ၅ ရာခိုင်နှုန်းမကျော်ခဲ့ကြောင်းသိရသည်။

PPP ပါတီဥက္ကဌ ခိုင်လုံမဲ မည်မျှရခဲ့သနည်းဟု မြန်မာတိုင်းမ်က မေးမြန်းရာတွင် ''ကြည့်တောင် မကြည့်မိပါဘူးဗျာ။ ဘာမှ မရပါဘူးဗျာ'' ဟုအနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ယင်းခရိုင်အတွင်း ပါတီ ၁၁ ခုမှကိုယ်စားလှယ်လောင်း ၁၈၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အနိုင်ရကိုယ်စားလှယ်လောင်းများအပြင် ခိုင်လုံမဲ ၈ ပုံ ၁ ပုံကျော်လွန်သည့် ကိုယ်စားလှယ်လောင်းသုံးဦးသာ ရှိကြောင်း၎င်းက ဆိုသည်။ ထိုအထဲ သမ္မတဦးသိန်းစိန်လက်ထက် ပြည်သူ့လွှတ်တော် ဒုဥက္ကဌအဖြစ်တာ ဝန်ယူခဲ့သူဒဂုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနန္ဒကျော်စွာက ၂၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဒဂုံမြို့နယ်မဲဆန္ဒနယ် ၂ မှဝင်ရောက်ယှဉ်ပြိုင်သူဒေါက်တာ မေသန်းလွင်က ၄၃ ဒသမ၇၃ ရာခိုင်နှုန်း၊ မရမ်းကုန်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဝင်ပြိုင်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဒေါက်တာပွင့်ဆန်းက ၁၇ ဒသမ ၇၃ ရာခိုင်နှုန်းတို့ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် NLD ပါတီမှ နုတ်ထွက်ပြီး အခြားပါတီမှသော်လည်းကောင်း၊တစ်သီးပုဂ္ဂလများအဖြစ်သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူအများအပြားရှိခဲ့ရာတွင် အချို့သာ ခိုင်လုံမဲ ၈ ပုံ ၁ ပုံကျော်ခဲ့ပြီး ထိုအထဲ ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးသည်လည်း ခိုင်လုံမဲ ၈ ပုံ ၁ ပုံကျော်ရရှိခဲ့ကြောင်း လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းသည် ၂ဝ၁၅ ခုနှစ်တွင် NLD မှယှဉ်ပြိုင်အနိုင်ရခဲ့သည့် ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှပင် ဝင်ပြိုင်ခဲ့ရာတွင် ရွေးကောက်ပွဲမနိုင်ခဲ့သော်လည်းခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

သို့သော် NLD ပါတီမှ နုတ်ထွက်၍ ဖရူဆိုမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖရူဆိုမြို့နယ် NLD ပါတီဥက္ကဌဟောင်း ဦးဂျိုဝါးနီသည်လည်း ခိုင်လုံမဲ ၂ ရာခိုင်နှုန်းကျော်၊ ဖားဆောင်းမြို့နယ် NLD ပါတီ ဥက္ကဌအဖြစ်မှနုတ်ထွက်၍ ဖားဆောင်မြို့နယ်မှပင်တစ်သီးပုဂ္ဂအဖြစ်ဝင်ပြိုင်ခဲ့သူ ဦးစိုင်းသန်းရွှေမှာလည်း ခိုင်လုံမဲ သုည ဒသမ ၇၆ ရာခိုင်နှုန်းသာရခဲ့၍ အာမခံကြေးကျပ်သုံးသိန်း ထုတ်ခွင့်မရခဲ့ကြောင်းသိရသည်။

အလားတူ NLD ၏ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နု(ခ)တင်နုအောင်သည်လည်း ပါတီမှနုတ်ထွက်ပြီး မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တစ်သီးပုဂ္ဂလအဖြစ်ဝင်ပြိုင်ခဲ့သော်လည်း ခိုင်လုံမဲ ခြောက်ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ကြောင်း၊ထို့ပြင် NLD  ၏ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေသည်လည်း ပါတီမှနုတ်ထွက်၍ ဂွမြို့နယ်မှပင် တစ်သီးပုဂ္ဂအဖြစ်ဝင်ပြိုင်ခဲ့သော်လည်း ခိုင်လုံမဲ ခုနစ်ရာခိုင်နှုန်းသာရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အပြင် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ NLD ပါတီ နုတ်ထွက်သူနှင့် တာဝန်မှရပ်စဲသူများအတွင်း ရွေးကောက်ပွဲပြန်လည်ဝင်ပြိုင်ခဲ့ရာတွင် အနိုင်ရခဲ့သူတစ်ဦးမျှ မရှိကြောင်း သိရသည်။ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် ရွေးကောက်တွင် မဲဆန္ဒနယ် ၁၁၁၇ နေရာကျင်းပခဲ့ရာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ၉၂ဝ ဦးဖြင့် အပြတ်အသတ်အနိုင်ရခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်