ရန်ကုန်တိုင်းအတွင်း ပိုင်ဆိုင်မှုစာရင်းလာရောက်တင်ပြရန် ဒီချုပ်အနိုင်ရ ကိုယ်စားလှယ်လေးပုံတစ်ပုံခန့်သာကျန်တော့ကြောင်း အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ပါတီ ရန်ကုန်တိုင်းဥက္ကဌ ဦးမြင့်ဌေးက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အနိုင်ရကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုစာရင်းများကို ဒီဇင်ဘာလကုန် နောက်ဆုံးထားတင်ပြရန် ညွှန်ကြားထားရာလက်ရှိတွင် အများစုသည်တင်ပြပြီးဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားကာ ဗဟိုသို့တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့တိုင်းအနေနဲ့ကတော့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒီပိုင်ဆိုင်မှုစာရင်းတွေ ကိုလုပ်နေတာပါ။ အစကတော့ ဝင်ရောက်ယှဉ်ပြိုင်သူတွေအားလုံးပေါ့။ အခုကျတော့ဒီရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုစာရင်းဖြစ်သွားတာပေါ့။လာတင်ပြီးတဲ့သူ များပါတယ်။ အခုလည်း တဖြည်းဖြည်းတင်နေပါတယ်''ဟု ၎င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရန်ကုန်တိုင်းဒေသကြီးတွင်ပြည် သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၄၄ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၁၂ ဦးနှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်တွင် ၈၈ ဦးနှင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတစ်ဦးတို့အနိုင်ရရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုကျွန်းမြို့နယ်မှအပ ကျန်ရှိသည့်မြို့နယ် အားလုံးတွင် အနိုင်ရရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၂ဝ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ပြည်သူလူထု၏ထောက်ခံမှု မည်မျှကြီးမားကြောင်း သက်သေပြနိုင်ခဲ့သည်။
















