Cherry Oo Countdown 2021 Online Event တွင် ပါဝင်ဖျော်ဖြေမည့်အကြောင်း၊ ခရမစ္စမတ်ရှိရင် Single Song ထွက်ရှိခဲ့သည့်အကြောင်း၊ မိဘဖြင့် အလှမ်းဝေးသူတစ်ယောက် စိတ်ခံစားချက်အကြောင်းနှင့်စပ်လျဉ်း၍ Myanmar Idol Season 4 Winner ဆုရှင် အက်စတာနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားပါသည်-
Cherry Oo New-year ဖျော်ဖြေပွဲမှာ ပါဝင်ဖြစ်တဲ့အကြောင်းကို ပြောပါဦး။
Cherry Oo New-year ပွဲ ညီမက ၂၀၂၀ ခုနှစ်ကို နောက်ဆုံး နှုတ်ဆက်တဲ့အနေနဲ့ ပါဝင်ဖြစ်တဲ့ ပွဲလေးပါ။၂၀၂၁ ခုနှစ်မှာ ပျော်ရွှင်စရာ စိတ်ခွန်အားအသစ်တွေ ပျော်ရွှင်မှုတွေအများကြီးနဲ့ ကြိုဆိုချင်တယ်။ ဒီပွဲမှာတော့ ညီမတို့ အနုပညာမောင်နှမတွေ အများကြီးဖျော်ဖြေကြမယ်။ Myanmar Idol က မောင်နှမတွေလည်း အများကြီးပါတယ်။ ညီမက New-year အတွက် သီချင်းသုံးပုဒ်ဖျော်ဖြေပေးဖို့ စီစဉ်ထားပါတယ်။ သီချင်းသစ်လည်းပါမယ် ပြိုင်ပွဲတုန်းက သီချင်းလည်းဆိုမှာပါ။ ဒီဇင်ဘာ ၃၁ ရက်မှာ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။
“ခရစ္စမတ်ရှိရင်” သီချင်းလေး ဖန်တီးဖြစ်တာကို ပြောပါဦး။
ညီမရဲ့ ဒုတိယမြောက် Single Song သီချင်းလေးပါ။ ခရစ္စမတ်ရှိရင် သီချင်းလေးကို ပထမက ထုတ်ရောထုတ်ထုတ်နိုင်ပါ့မလား စိတ်ပူတယ်။ Plan တွေ အများကြီးရှိခဲ့တယ်။ ဖြစ်ပါ့မလား အများကြီးစိုးရိမ်ခဲ့တယ်။ ဒီသီချင်းလေးကို ဆရာယုအောင်ကို ဒီလိုသီချင်းမျိုးလေး ခရစ္စမတ်ပတ်သက်တဲ့ သီချင်းလေး ရေးပေးတယ်။ ဒီသီချင်းလေး ချက်ခြင်းရလာတော့ အရမ်းကြိုက်တယ်။ ဒီခရစ္စမတ်မှာ ချစ်ခြင်းမေတ္တာတွေဝေမျှချင်တယ်။ အရင်နှစ်တွေဆိုရင် ခရစ္စမတ်ပတ်သက်ပြီးတော့ ပြင်ဆင်မှုအရိပ်အယောင်တွေ မြင်ရတယ်။ ကိုဗစ်ကာလမို့ ဘုရားကျောင်းလည်း သွားမရဘူး။ နယ်ပြန်မရဘူး။ ခရစ္စမတ်နဲ့ပတ်သက်တာ ဘာမှလုပ်လို့မရဘူး။ ညီမကိုချစ်တဲ့အမျိုးတွေကို 2020 Christmas Present Gift လုပ်ပေးချင်တယ်။
ဒီသီချင်းကို Music Video ထုတ်ပြီးတော့ ပရိသတ်ကိုချပြတယ်ဆိုတော့ အခက်အခဲတွေရော ရှိမလား။
ဒီသီချင်းကို Music Video လုပ်ကြည့်ချိန်မှာ ခက်ခဲတယ်။ အချစ်သီချင်းလေးဆိုပေမယ့် အကုန်အကျလည်းအရမ်းခံရမှာမို့ တော်တော်ခက်ခဲတယ်။ ဒါရိုက်တာတွေ မင်းသားဘယ်သူ ငှားရမယ် အစပေါ့။ ညီမအစ်ကိုတွေ၊ အသိမိတ်ဆွေနဲ့ ဆွေးနွေးရတယ်။ ကိုယ်လုပ်နေကျအရာမဟုတ်တော့ တော်တော်စိတ်ဓာတ်တွေကျတယ် ငိုတစ်လှည့် ရယ်တစ်လှည့်ပေါ့။ ဒီသီချင်းကို မထုတ်တော့ဘူးလို့ တွေးခဲ့တယ်။ ဒါပေမယ့် ခရစ္စမတ်မတိုင်ခင် ရာသီစာ ဒီသီချင်းကိုထုတ်လိုက်ချိန်မှာ နားထောင်သူ ပျော်ကြတယ်။ ကြိုက်ကြတယ် ဒီသီချင်းနားထောင်ချိန်မှာ Christmas အငွေ့အသက်ရတယ်လို့ Feedback ပြန်ကြားရတော့ သီချင်းထုတ်ရတာ ပင်ပန်းပေမယ့် သီချင်းထုတ်ရကျိုးနပ်တယ်လို့ ထင်တယ်။ အရမ်းပင်ပန်းရပေမယ့် ဒီအချိန်မှာ အရမ်းပျော်ရွှင်ရပါတယ်။ ခရစ္စမတ်အတွက် ဆုန်ဆုန်ပေးနိုင်တဲ့ Christmas Present မို့ ရင်ထဲမှာသိမ်းထားပေးပါလို့ ပြောချင်ပါတယ်။
ညိမ်းသော်ကို Music Video အတွက် ရွေးချယ်ဖြစ်တာကို ပြောပါဦး။
ကိုညိမ်းသော်နာမည်စကြီးကတည်းက ညီမတို့ မိသားစုက သူ့ Fan ပါ။ ကိုရီးယားမင်းသား ထင်ခဲ့ကြတာပါ။ မြန်မာနိုင်ငံက ဂူဂျွန်ဖြိုးပဲလေ။ အရမ်းကြိုက်ခဲ့တယ်။ သူကိုယ်တိုင်လည်း မုံရွာမှာကျောင်းတက်ခဲ့တယ်ဆိုတော့ စိတ်ဝင်စားခဲ့တယ်။ အပြင်မှာတကယ်သူ့နဲ့တွေ့ချိန်မှာ အရမ်း Humble ဖြစ်တယ်။ အလုပ်တွေကို အရမ်းကို Professional ဆန်ဆန်လုပ်တယ်။ အရမ်းဆွဲခေါ်ပေးတယ်။ အရမ်းဖော်ရွေတယ်ဆိုတော့ သူနဲ့အလုပ်လုပ်ချိန်မှာ ညီမက သရုပ်မဆောင်တတ်တော့ အားနာနေရတယ်။ သူ့က ဆွဲခေါ်ပေးတယ်။ အရမ်းလည်း ပျော်ဖို့ကောင်းတယ်။ Tik Tok လည်းဆော့တယ်။ တကယ်လည်း တူပါတယ်။
မိဘတွေနဲ့ ခွဲနေရတဲ့ စိတ်ခံစားချက်ကို ပြောပါဦး။ ရှိုးပွဲတွေ ဖျော်ဖြေရတဲ့အချိန်မှာရော မိဘအနားမရှိတော့လေ။
၂၀၂၀ မှာ အိမ်ကို တစ်ခါမှလည်း မပြန်ရဘူးဆိုတော့လေ။ Second Wave မဖြစ်ခင် မြန်မြန်ပြန်လိုက်ရတာမို့ ကျန်းမာရေးကြောင့် အမေတို့နဲ့ ကောင်းကောင်းစကားမပြောခဲ့ရဘူး။ နွေးထွေးမှုမလုပ်ရဘူး။ အမေတို့က တောင်ပေါ်နေနေကျမို့ ရန်ကုန်တိုက်ခန်း ကျဉ်းကျဉ်းလေးမှာ မနေနိုင်ဘူး။ ခေါ်ထားချင်ပေမယ့် မနေနိုင်ကြဘူး သူတို့ကလေ။ ပြိုင်ပွဲပြီးနောက်ပိုင်း ရှိုးပွဲတွေသွားရင်တော့ သူ့များမိဘတွေ နောက်ကပံ့ပိုးပေးကြတာရှိတယ်။ ညီမက အဲလိုမရှိဘူးပေါ့။ ပွဲတစ်ခုမှာ အဝတ်အစားပိုင်းပဲဖြစ်ဖြစ် အဆင်မပြေရင် ဘေးကကူညီပေးကြတယ်။ တစ်ခါတလေ ကိုယ့်အမေသာနေကောင်းပြီး ကိုယ့်အနားရှိရင် ကောင်းမယ်ဆိုတဲ့ စိတ်လေးတွေရှိတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အားပြန်တင်းတယ်။ ကိုယ်တိုင်လုပ်နိုင်သားပဲပေါ့။ ပြိုင်ပွဲမှာ ဒိုင်တွေပြောခဲ့တဲ့စကားက အလကားပြောခဲ့တာမဟုတ်ဘူးလေ။ ကြုံတွေ့လာတဲ့အရာတိုင်းကို စိတ်အားတင်းပြီး ရှေ့ဆက်နေပါတယ်။ အားငယ်နေလို့ မရဘူး။ မိဘနဲ့ခွဲနေရလို့လည်း ဝမ်းမနည်းပါဘူး အကောင်းဆုံးကြိုးစားနေပါတယ်။
၂၀၂၀ ခုနှစ်ကလည်း ကုန်တော့မယ်ဆိုတော့ ပြောပါဦး။
၂၀၂၀ ခုနှစ် ကိုဗစ်ကာလမှာ ငါ့ဘာလုပ်ခဲ့လဲ နောက်ပြန်လှည့်ကြည့်ချိန်မှာ ခရစ္စမတ်လေးမှာ Christmas Gift လေးထားနိုင်ခဲ့တယ်ဆိုတာကို မှတ်တိုင်တစ်ခုဖြစ်သွားလို့ တော်တော်လေးကို ကျေနပ်ရပါတယ်။

















