ကယားပြည်နယ် လွိုင်ကော်၊ ဖရူဆို၊ ဒီမောဆိုမြိုများ၌ မြေသြဇာ လက်လီလက်ကား ရောင်းချခွင့်လိုင်စင် ၇၄ ဆိုင်ထုတ်ပေးပြီး မြေသြဇာအရည်အသွေး စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးက ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပသည့် ကယားပြည်နယ် လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်တွင် ပြောကြားခဲ့သည်။
ဓာတ်မြေသြဇာသုံးစွဲခြင်းနှင့်ပတ်သက်ပြီး တောင်သူများ ဓာတ်မြေသြဇာ များအား သီးနှံ၏ အပင်သက်တမ်းအလိုက် စနစ်တကျ ထည့်သွင်း စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရေး၊ ရေရှည်တည့်တံသည့် စိုက်ပျိုးထုတ်လုပ်သည့် စနစ် ထွန်းကားပြီး နည်းပညာပေးသည့် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ကွင်းပြပွဲများ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက ဆိုခဲ့သည်။
'' ၂၀၁၉ -၂၀၂၀ ခုနှစ်မှာ ကယားပြည်နယ်အတွင်း သီးနှံစံပြကွက်တွေ ၊ စမ်းသပ်ကွက်တွေ စုစုပေါင်း ရှစ်ထောင်လေးရာကျော် ဧက ဆောင်ရွက်တဲ့ တောင်သူများကို အရည်အသွေး ကိုက်ညီတဲ့ ဓာတ်မြေသြဇာ ၉၆၉ ဒသမ ၇ တန်ကိုလည်း ပြည်နယ် ရန်ပုံငွေနဲ ထောက်ပံ့အားပေး ကူညီမှု ရှိပါတယ်'' ဟု ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က ဆိုသည်။
မယ်စဲ့ မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ဓါတ်မြေသြဇာအလွန်အကျွံ သုံးစွဲခြင်းသည် မြေဆီလွှာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေခြင်းအပြင် စီးပွားရေးကျဆင်းစေခြင်းကြောင့် ပြည်သူတို့၏ လူမှုစီးပွားဘ၀ နှင့် ပြည်သူတို့ ၏ ကျန်းမာရေးကို ထိခိုက်လာမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပြည်နယ်အတွင်း ဓာတ်မြေသြဇာ ရောင်းချ သုံးစွဲခြင်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ မည်ကဲ့သို့ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့် စပ်လျဉ်း ၍ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမော်မော်က ဒီဇင်ဘာ ၂၄ ရက် လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။
'' အခုနှစ်မှာဆိုရင် မြေဆီသြဇာထိန်းသိမ်းနိုင်ရေး၊ သဘာ၀ မြေသြဇာများကို ပိုမိုသုံံးစွဲရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပြီး သီးနှံစိုက်ပျိုးမြေဆီလွှာများ မြေနမူနာများ စနစ်တကျရယူပြီး အာဟာရဓာတ် ရှိမရှိကို မြေအသုံးချရေး ဓာတ်ခွဲခန်းများ စစ်ဆေးပြီးတော့ တောင်သူများ စိုက်ပျိုးမယ့် သီးနှံအလိုက် ထည့်သွင်းရမယ့် မြေသြဇာ နှုန်းထားတွေ ထောက်ခံချက်ပေးခြင်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်'' ဟု ပြည်နယ်ဝန်ကြီး ဦးမော်မော်က ဆိုခဲ့သည်။
ထို့ပြင် တောင်သူများ၏ ရေရှည်စီးပွားအတွက် အရည်အသွေးပြည့်မီတဲ့ မြေသြဇာများ ဝယ်ယူအသုံးပြုနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြေသြဇာ ဖြန့်ဖြူးရောင်းချတဲ့ဆိုင်များအား စိုက်ပျိုးရေးဌာနမှ ကွင်းဆင်းစစ်ဆေးပေးခြင်း၊ ဓာတ်မြေသြဇာ ရောင်းချခြင်းနှင့် စပ်လျဉ်းပြီး လိုင်စင်ထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ဆိုခဲ့သည်။

















