အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေပြီဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နေရာများအတွက် လျာထားမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယင်းပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောသည်။
NLD အနေဖြင့် အစိုးရသစ်ဖွဲ့ရန် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီလားဟု မြန်မာတိုင်းမ်က မုံရွာ အောင်ရှင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ လူကြီးပိုင်းကတော့ လူကြီးဆိုတာ CEC ပေါ့။ CEC ပိုင်းကတော့ အဲဒီဟာကို နည်းနည်းတော့ ပြင်ဆင်နေပြီလို့ ကျွန်တော်သိရတယ်။ သို့သော်လည်းပဲ အပြီးအစီးတော့ မဟုတ်သေးပါဘူး ” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးလည်းဖြစ်သည့် မုံရွာ အောင်ရှင်က ပြောသည်။
ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ထားရေးနှင့် ပတ်သက်၍ မုံရွာ အောင်ရှင်က “ လျာထားတာတွေ ဘာတွေတော့ လုပ်နေကြတယ်လို့ ကျွန်တော်ကြားတယ်။ အဲဒီလောက်ပါပဲ ” ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲနိုင်ခဲ့သော အာဏာရပါတီသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရခဲ့သည့်အတွက် အစိုးရသစ်ဖွဲ့ခွင့်ကို ၎င်းတို့စိတ်ကြိုက် ထပ်မံလုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။
ထိုအခြေအနေကြောင့် မြန်မာတိုင်းမ်မှ ယခုလက်ရှိတာဝန်ထမ်းဆောင်နေသည့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအတွင်းမှ NLD ပါတီက ထပ်မံဖွဲ့မည့်အစိုးရအဖွဲ့သစ်တွင် ပြန်လည်ပါဝင်လာနိုင်ပါသလားဟု မေးမြန်းရာတွင် ပါတီပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် မုံရွာ အောင်ရှင်ကို မေးမြန်းခဲ့ရာတွင်- “ အဲဒီဟာတွေနဲ့ ပတ်သက်လို့လည်း တချို့လည်း ပါဖို့သိပ်မရှိဘူး။ တချို့ဝန်ကြီးချုပ်တွေလေ။ ကျွန်တော်ကြားနေရတာပေါ့နော်။ တချို့လည်း ပါကြမှာပါ ” ဟု ပြောသည်။
မည်မျှပြန်ပါလာနိုင်သနည်းဟု ဆက်လက်မေးမြန်းရာ “ တစ်ဝက်လောက်တော့ ပါလိမ့်မယ်လို့ထင်တာပဲ။ ကျွန်တော် ထင်တာပြောတာနော်။ ကျွန်တော်တစ်ဉီးတည်းပြောတာ။ တစ်ဝက်လောက်တော့ ပြန်ပါမှာပါပဲ ” ဟု မုံရွာ အောင်ရှင်က ပြောသည်။
လက်ရှိတိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူများအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းမှလွဲ၍ အားလုံးသည် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ကြသည်။
သို့သော် ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အထိ NLD ၏ ပထမအစိုးရ သက်တမ်းအတွင်း တာဝန်ထမ်းဆောင်နေကြသော လက်ရှိပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များအပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့ကို သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက သဘောမတွေ့ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များအပေါ် သက်ဆိုင်ရာ တိုင်းရင်းသားပါတီများ၏အမြင်များနှင့်အတူ မြန်မာတိုင်းမ်က နိုဝင်ဘာလ ၃၀ ရက်နေ့က ရေးသားဖော်ပြခဲ့သည့် “ပြည်နယ် ဦးသျှောင် မည်သို့နည်း” ဟူသည့်ဆောင်းပါးတွင် ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဉီးဆောင်ကော်မတီဝင် ဉီးဖေသန်းက “ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ သဘောထားကို ဝန်ကြီးချုပ်က ဘာမှ ကာကွယ်ပေးနိုင်တာမရှိဘူး။ ဗဟိုအစိုးရရဲ့ သဘောထားအတိုင်းပဲ ဗဟိုအစိုးရကြိုးဆွဲရာ ကရတဲ့သဘောမျိုး ရှိနေတယ် ” ဟု ဝေဖန်ပြောကြားခဲ့သည်။
အလားတူ ရှမ်းထိပ်သီးပါတီ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဒုဥက္ကဋ္ဌ ဉီးစိုင်းညွှန့်လွင်၊ မွန်ညီညွတ်ရေးပါတီ(MUP)တွဲဖက် အတွင်းရေးမှူး-၂ နိုင်စံတင်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ဥက္ကဋ္ဌ ဉီးဖိုးရယ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဉီးသန်းစိုးနိုင်တို့သည်လည်း NLD ၏ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်အပါအဝင် ပြည်ထောင်စုဝန်ကြီးများကိုအားမရကြောင်း ညည်းတွားပြောဆိုခဲ့ကြသည်။
NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါက်တာ မျိုးညွန့်ကတော့ ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်၏ စကားကိုကိုးကားပြီး ဝန်ကြီးချုပ်သစ်ဖြစ် လာမည့်သူများနှင့်ပတ်သက်၍မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
“ သူ(ဝန်ကြီးချုပ်သစ်)က နိုင်ငံရေးအရ ဆုံးဖြတ်ရဲတဲ့သူ၊ လုပ်ရဲတဲ့သူ၊ နိုင်ငံရေးနောက်ခံရှိတဲ့သူဖြစ်ရမယ်။ နောက်ပြီးတော့ကျွန်တော်တို့ သူ့ကိုပေးမယ့် လုပ်ငန်းအတွက် အရည်အချင်းရှိတဲ့လူလည်းဖြစ်ရမယ်၊ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ခံရတဲ့သူလည်းဖြစ်ရမယ်ပေါ့ဗျာ ” ဟု ပြောသည်။
၂၀၁၆-၂၀၂၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများမှာ သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ (၃) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဦးကျော်တင့်ဆွေ၊ (၄) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဦးမင်းသူ၊ (၅) ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ (၆) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ (၇) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ (၈) စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန ဦးစိုးဝင်း၊ (၉) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဦးသောင်းထွန်း၊ (၁၀) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဦးကျော်တင်၊ (၁၁)ပြန်ကြားရေးဝန်ကြီးဌာန ဒေါက်တာဖေမြင့်၊ (၁၂) သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန သူရဦးအောင်ကို၊ (၁၃) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာ အောင်သူ၊ (၁၄) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးသန့်စင်မောင်၊ (၁၅) သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဦးအုန်းဝင်း၊ (၁၆) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဝင်းခိုင်၊ (၁၇) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးသိန်းဆွေ၊ (၁၈)စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒေါက်တာ သန်းမြင့်၊ (၁၉) ပညာရေးဝန်ကြီးဌာန ဒေါက်တာ မျိုးသိမ်းကြီး၊ (၂၀) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါက်တာ မြင့်ထွေး၊ (၂၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးဟန်ဇော်၊ (၂၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာ ဝင်းမြတ်အေး၊ (၂၃) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဦးအုန်းမောင်၊ (၂၄)တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန နိုင်သက်လွင် တို့ဖြစ်သည်။
လက်ရှိ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များမှာ ကချင်ပြည်နယ် ဒေါက်တာ ခက်အောင်၊ ကယား ဉီးဘော့စ်ကို(ဉီးအယ်လ်ဖောင်းရှိုကို လွှတ်တော်က ဖြုတ်ချခဲ့သည်။)၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်မှာ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်မှာ ဆလိုင်းလျန်လွယ်၊ မွန် ဒေါက်တာ အေးဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှာ ဉီးညီပု၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှာ ဒေါက်တာ လင်းထွဋ်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်မှာ ဉီးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ဒေါက်တာ ဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှာ ဒေါက်တာ မြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ဉီးမြင့်မောင်၊ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ဉီးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှာ ဒေါက်တာ အောင်မိုးညို၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှာ ဉီးလှမိုးအောင်တို့ဖြစ်သည်။















