ထိုင်းအလုပ်ရှင်၏ စွန့်ပစ်ခံရသူ မြန်မာ ၁၈ ဦး ဆက်နေထိုင် လုပ်ကိုင်နိုင်ရေး ညှိနှိုင်းမည်

ထိုင်းအလုပ်ရှင်၏ စွန့်ပစ်ခံရသူ မြန်မာ ၁၈ ဦး ဆက်နေထိုင် လုပ်ကိုင်နိုင်ရေး ညှိနှိုင်းမည်

ထိုင်းနိုင်ငံ၌ အလုပ်ရှင်၏ စွန့်ပစ်ခြင်းခံရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးနှင့် မြန်မာအလုပ်သမားသံအရာရှိအဖွဲ့ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ၎င်းတို့ ဆက်လက်နေထိုင် လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ညှိ နှိုင်းဆောင်ရွက်ပေးမည်ဟု ယင်းသံအရာရှိရုံးက သတင်း ထုတ်ပြန်သည်။

တစ်ကျော့ပြန် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်နေသဖြင့် အသွားအလာ ကန့်သတ်တားမြစ်ချက်များ ထုတ်ပြန်ထားသည့် စမွတ်စခွန်ခရိုင်မှ အလုပ်ရှင်က အဆိုပါ အလုပ်သမားများအား စမုပရာ ကန်ခရိုင်သို့ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအလုပ်သမားများအား ယာယီစောင့်ရှောက် ထားရှိသည့်နေရာသို့ မြန်မာအလုပ်သမားသံအရာရှိအဖွဲ့က သွားရောက် တွေ့ဆုံအားပေးခဲ့ပြီး စောင့်ရှောက်ထားရှိမှု၊ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စစ်ဆေးမှုအခြေအနေများ မေးမြန်းရာ အလုပ်သမားများက နေထိုင်စားသောက်မှု အဆင်ပြေကြောင်း၊ ပထမအကြိမ် ဆေးစစ်ဆေးရာတွင် ၁၈ ဦးစလုံး Negative (ပိုးမရှိ)အဖြေ ရရှိကြောင်းနှင့် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် လုပ်ကိုင်နိုင်ရေးနှင့် ပတ်သက် ၍ ၎င်းတို့၏ ဆန္ဒအပေါ် မူတည်၍ ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလုပ်သမားများသည် စမွတ်စခွန်ခရိုင်ရှိ ပလတ်စတစ်စက်ရုံ တစ်ရုံမှ အလုပ်သမားများဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် စွန့်ပစ်ခံရခြင်းဖြစ်ကြောင်း၊ ထိုစက်ရုံသို့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးမည်ဆို၍ စုစုပေါင်း အလုပ်သမား ၂၃ ဦးကို အခြားနေရာသို့ ပို့ဆောင်စဉ် အလုပ်သမားအချို့ကို စမုပရာကန်ခရိုင်နှင့် ရာယောင်းဒေသရှိ တောအုပ် တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ ရေးသားချက်အရ သိရသည်။

“အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို အခြားခရိုင်မှာ သွားရောက် စွန့်ပစ်ခဲ့တာတွေကို ချက်ချင်းဝင် စစ်ဆေးခဲ့တယ်။ ဒီကာလမှာ ဖမ်းဆီး အရေးယူတာတို့၊ ဒဏ်ခတ်တာတို့တော့ မရှိသေးပေမယ့် လည်ပတ်နေဆဲစက်ရုံ တွေမှာ ကိုဗစ်ကာကွယ်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့အတိုင်း ဖြစ်အောင် အတိုင်းအတာတစ်ခုအထိ သတိပေး ခဲ့တာ ရှိပါတယ်။ နယ်မြေကျော် စွန့်ပစ်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာခရိုင်က အရေးယူမှုရှိတော့ ရှိမယ်။” ဟု ထိုင်းအစိုးရ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ ပင်လယ်စာရောင်းဝယ်ရေးဈေး ပုစွန်ဒိုင်ပိုင်ရှင် ထိုင်းအမျိုးသမီးတစ်ဦး ကိုဗစ် ရောဂါကူးစက်ခံရမှုကို ဒီဇင်ဘာ ၁၇ ရက်တွင် အတည်ပြုခဲ့ပြီးနောက် ၂၅ ရက် ထိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီခွဲ အထိ ကွင်းဆင်းဆေးစစ်ပေးထားသူ ၁၂၉၆၂ ဦးတွင် ဓာတ်ခွဲစစ်ဆေးထားသူ ၉၀၀၀ အနက် ထိုင်းနိုင်ငံသား ၇၅ ဦး နှင့် ရွှေ့ပြောင်းလုပ်သား ၁၂၄၈ ဦး စုစုပေါင်း ၁၄၄၃ ဦးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းဈေးအတွင်း ကိုဗစ်လူနာ သီးသန့်ကုသရန် ယာယီဆေးကုသခန်းများ တည်ဆောက်ထားကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး