နေပြည်တော် ဧရိယာအတွင်းရှိအများပြည်သူ သွားလာလည်ပတ်သည့်အပန်းဖြေနေရာ ခုနစ်နေရာကို COVID-19 ကူးစက်မှုကို ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီကသတင်းထုတ်ပြန်သည်။
၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာအတွင်းခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလများအတွင်း COVID-19 ရောဂါပိုး ဒေသတွင်းကူးစက်မှု မဖြစ်ပွားရေးနှင့် ထိရောက်စွာ ကာကွယ်ဟန့်တားနိုင်ရန် လူစုလူဝေးဖြစ်ပေါ်နိုင်သော အဆိုပါနေရာများကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဒီဇင်ဘာ ၂၄ ရက်တွင် ပန်ကြားခဲ့သည်။
သွားလာဝင်ထွက်ခွင့် ယာယီပိတ်ပင်လိုက်သည့် အပန်းဖြေနေရာများတွင် ဒေသတွင်း လူသိများသောလှေခွင်းတောင်မြစ်ဆိပ်နှင့် ပေါင်းလောင်းရေလွှဲဆည်အပန်းဖြေနေရာ (ဒေသအခေါ် အဝေရာဆည်)တို့ပါဝင်သကဲ့သို့ မကြာခင်ကမှ လူသိများ သွားလာကြသော တောင်ပေါ်ဒေသ အပန်းဖြေနေရာများလည်း ပါဝင်သည်။
COVID-19 ကို စိုးရိမ်သောကြောင့်လူစုလူဝေးမဖြစ်စေရန် အထက်ပါနေရာများကို ပိတ်လိုက်ခြင်းသည်ရည်ရွယ်ချက် မှန်ကန်သော်လည်းလုပ်ဆောင်ချက် မမှန်ကန်ကြောင်းဒေသခံ ဦးမင်းအောင်က ပြောသည်။
''လူစုလူဝေး မဖြစ်စေချင်ရင်လူတွေကို ဖြန့်ထုတ်ရမှာမဟုတ်လား။အားလပ်ရက်မှာ လူတွေက ဟိုနေရာဒီနေရာ စိတ်ကြိုက်သွားလေလေကောင်းလေပေါ့။ ခုတော့ တခြားနေရာတွေ ပိတ်တယ်ဆိုတော့ ချစ်သူလမ်းကြားလိုနေရာမှာပဲ လူတွေစုပြုံလာမှာပေါ့''ဟု ၎င်းက ပြောသည်။
သွားလာဝင်ထွက်ခွင့် ယာယီပိတ်ပင်လိုက်သည့် အပန်းဖြေနေရာများတွင် ပြည်သူလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT))ဖော်ဆောင်မှုကြောင့်လူသိများလာကာ သွားရောက်လည်ပတ်သူလည်း များလာသည့် တောင်ပေါ်ဒေသမှ ပုစွန်ဆိတ်ရေတံခွန်၊ဖလောင်းရေတံခွန်၊ မြသီတာရေတံခွန်၊ကိုးတစ်ရေပူစမ်းနှင့် ဇမ္ဗူသီရိမြို့နယ်မှမင်္ဂလာကန်တော် နေရာများပါဝင်သည်။
''အားလပ်ရက်မှာ တောင်ပေါ်တက်ပြီး တိမ်ပင်လယ်ကြည့်မယ်၊ရေပူစမ်းမှာ ရေစိမ်မယ်၊ ကြိုက်တတ်ရင် တောင်ပေါ်တိုင်းရင်းသားတွေချက်လုပ်တဲ့ ခေါင်ရည်လေးသောက်မယ်ဆိုပြီး ရည်ရွယ်ထားတာ။ ခုတော့ချစ်သူလမ်းကြားမှာပဲ ပြုံတိုးရမလိုဖြစ်နေပြီ''ဟုလည်း နေပြည်တော်မှအရာထမ်းတစ်ဦးက ပြောသည်။အထက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး နေပြည်တော်ကောင်စီသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်းဖုန်းလက်ခံဖြေကြားခြင်း မရှိသောကြောင့် မေးမြန်းခွင့်မရခဲ့ပေ။
နေပြည်တော်တွင် ဒီဇင်ဘာ၂၂ ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၆၅၄ ဦး ရှိပြီး ဒီဇင်ဘာလအတွင်း ရောဂါပိုးတွေ့ရှိမှု များပြားခဲ့ကြောင်းလည်း ကောင်စီကထုတ်ပြန်ထားသည်။ထို့ပြင် ရောဂါပိုးတွေ့ရှိသူအများစုမှာ အခြားအရပ်ဒေသမှ ပြန်လည်ဝင်ရောက်လာသူများ၊ ကုန်တင်ယာဉ်မောင်း။ ယာဉ်နောက်လိုက်များဖြစ်သော်လည်း ဒေသတွင်း ကူးစက်မှုအချို့ ပါဝင်နေသည်ဟု ဆိုသည်။
















