ကမ္ဘာ့ကပ်ရောဂါ COVID-19အဓိကကာကွယ်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သည့် Surgical Mask,Medical Use Respirator (925 , KN-95) စသည်တို့ကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်မယူဘဲ တင်သွင်းပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးပစ္စည်းများကို ယခင်က တင်သွင်းခွင့် လျှောက်ထားရန် မလိုသော စာရင်း၌ပါဝင်ခဲ့သော်လည်း ယခုအခါ အရည်အသွေးပြည့်ဝသည့်ကာကွယ်ရေးပစ္စည်းများ အများပြည်သူ သုံးစွဲခွင့်ရရှိရေးအတွက်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေးစံနူန်းပြည့်မီစေရန်လည်းကောင်း ရည်ရွယ်ပြီး ထောက်ခံချက် ရယူရန်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်းဒီဇင်ဘာ ၂၄ ရက် FDA က ထုတ်ပြန်ထားသည်။
''ကျွန်မတို့ဆီမှာ ထောက်ခံချက် ယူထားရင်အရည်အသွေးသတ်မှတ်ချက်တိုင်းလို့ လွယ်တယ်။ဒါတွေကို လျှောက်ထားလာတယ်ဆိုရင် အမြန်ဆုံးစိစစ်မယ်။ သတ်မှတ်ချက်နဲ့ ညီညွတ်တယ်ဆိုရင်ထောက်ခံချက်ကို အမြန်ဆုံးထုတ်ပေးနိုင်အောင်ဆောင်ရွက်မှာပါ။ လက်ရှိမှာ အရေးယူဖို့ ဥပဒေရေးဆွဲနေပေမယ့် ကျွန်မတို့စီမံခန့်ခွဲမှုအရ အရေးယူ ဆောင်ရွက်မယ်''ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောသည်။
လက်ရှိ ဈေးကွက်ထဲတွင် တင်သွင်းထားသောနှာခေါင်းစည်း(Mask)များတွင် မှန်ကန်သည့်ပစ္စည်းများ ရှိသကဲ့သို့ မမှန်ကန်သည့် ပစ္စည်းများလည်းရှိနေသောကြောင့် လတ်တလောတွင် ပြန်လည်ကြီးကြပ်ကွပ်ကဲခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
''တင်သွင်းခွင့်ရပြီဆိုရင် အာမခံချက်အနေနဲ့သက်ဆိုင်ရာကုမ္ပဏီက တာဝန်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် အရည်အသွေးမမီတဲ့ ပစ္စည်းတွေဈေးကွက်မှာ နည်းသွားမှာပါ''ဟု ၎င်းကဆိုသည်။ယခုအချိန်ထိ Mask များနှင့် ပတ်သက်၍တိုင်ကြားထားခြင်း မရှိသေးကြောင်း၊ လက်ရှိတွင်လည်း မည်သည့် ကုမ္ပဏီက တင်သွင်း၍ဖြန်ဖြူးရောင်းချနေသည်ကို FDA က ထောက်ခံချက်မပေးထား၍ လိုက်မရကြောင်း သိရသည်။
''ဒါကတော့ လုပ်ရမှာဖြစ်မယ့် ထောက်ခံချက်လျှောက်လွှာစာဂွက်တွေ ထုတ်ပေးတဲ့အခါမှာမြန်ဖို့တော့လိုတယ်။ တင်ထားတဲ့ဟာတွေကချက်ချင်း ပြန်မကျပဲကြာနေရင် အလကားပဲ။နောက်တချက်ကလုပ်ငန်းရှင်ဘက်မှာ လည်းနှောင့်နှေး ကြန့်ကြာ တွေ ရှိတယ်။ လောလောဆယ်တော့ထောက်ခံချက် မတင်ရသေးဘူး''ဟု တရုတ်နယ်စပ်မှနှာခေါင်းစည်းများ တင်သွင်းရောင်းချနေသောကိုသောင်းက ပြောသည်။
အရည်အသွေး သတ်မှတ်ချက်အနေနှင့်နှာခေါင်းစည်းများကို အလွှာတွင် ပိုးမွှားကိုစစ်ထုတ်နိုင်မှုအား၊ လေဝင်လေထွက်ကောင်းခြင်း အစရှိသည်တို့ကို သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။လောလောဆယ်တွင် ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် Mask များက ဈေးပေါပေါနှင့် အများဆုံး ဝင်ရောက်နေကြောင်း သိရသည်။
















