မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် COVID-19 အတည်ပြုလူနာပေါင်း ၄၄၆ ဦးအထိ ရှိလာခဲ့ကြောင်းသိရသည်။
မြဝတီမြို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူများလာသဖြင့် မြဝတီကုန်သွယ်ရေးဇုန်၌ လူနာ ၁၅ဝ ဆံ့ကုသဆောင်ထပ်မံပြင်ဆင်ထားပြီး အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကိုလက်ရှိ Quarantine Center များ၌ထားရန်နေရာ မလုံလောက်တော့သဖြင့် ၎င်းတို့၏နေအိမ်များတွင် Home Quarantine ထားရှိကာစောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။
မြဝတီခရိုင်ဆေးရုံကြီး၏စစ်ဆေးမှုအရ COVID-19 ရောဂါပိုးတွေ့လူနာတစ်ရက်လျှင် ၂ဝ ကျော် တိုးလာပြီးလက်ရှိ ဆေးဝါးကုသပေးနေသည့်မြဝတီခရိုင်ဆေးရုံနှင့် သကင်္န်းညီနောင်တိုက်နယ်ဆေးရုံတို့တွင်ထားရှိရန် လူနာများမလုံလောက်သဖြင့် ဒီဇင်ဘာ ၉ ရက်၌ မြဝတီကုန်သွယ်ရေးဇုန်တွင်လူနာ ၁၅ဝ ဆံ့ ကုသဆောင်အားပြင်ဆင်ထားကြောင်း သိရသည်။
ထိုသို့ပိုးတွေ့လူနာများ တစ်ရက်လျှင် ၂ဝ ကျော်တိုးလာနေသည့်အတွက်ယင်းလူနာများနှင့်ထိတွေ့ ဆက်စပ်မှုရှိသူများမှာ ရာဂဏန်းနှင့် အထက်ရှိနေ၍ လက်ရှိဖွင့်လှစ်ထားသည့်မဲကနယ် Quarantine Center တွင်ထားရှိရန် နေရာမလုံလောက်တော့သည့်အတွက် ၎င်းတို့၏နေအိမ်၌ Home Quarantine ထားရှိပြီးစောင့်ကြည့်မှု ပြုလုပ်နေရကြောင်း၊ ယခုလို COVID-19 လူနာများနှင့်ထိတွေ့ဆက်စပ်မှုရှိသူများအား ယင်းတို့၏ နေအိမ်တွင်သာ Home Quarantine ထားရှိရာ၌ တချို့နေရာများအား လမ်းအလိုက် Lockdown ချထားရကာ တစ်ချို့နေရာများတွင်လမ်းအလိုက် Lockdown ချထားရန်အခက်အခဲရှိပြီးသီးသန့် Stay At Home နေထိုင်စေလျက် စေတနာ့ဝန်ထမ်းများဖြင့် စောင့်ကြည့်လျက်ရှိသည်။
ဒီဇင်ဘာ၂၄ ရက်နောက်ဆုံးသတင်းအရ မြဝတီမြို့တွင် COVID-19 ပိုးတွေ့လူနာများ ၄၁၈ ဦးရှိခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီ၌ ပိုးတွေ့လူနာ၂၆ ဦးတွေ့ရှိခဲ့သဖြင့် မြဝတီမြို့တွင် စုစုပေါင်းပိုးတွေ့လူနာ ၄၄၆ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
















