လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များနှင့် တာဝန်ယူမှုမရှိသောဝန်ဆောင်မှုများ လျော့နည်းပပျောက် သွားစေရန် စစ်ကိုင်းတိုင်းအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်းစစ်ကိုင်းတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။
''စားသုံးသူပြည်သူတွေကို ဘေးဥပဒ်အန္တရာယ်ကင်းရှင်းဖို့ အခွင့်အရေးတွေအပြည့်ရဖို့နဲ့ လုံခြုံစိတ်ချရမှုမရှိတဲ့ကုန်စည်တွေနဲ့ တာဝန်ယူမှုမရှိတဲ့ ဝန်ဆောင်မှုတွေ လျော့နည်းပပျောက်သွားစေဖို့ တိုင်းအစိုးရအဖွဲ့နဲ့တက်ရောက်လာကြတဲ့ ကော်မတီဝင်တွေ၊ စားသုံးသူပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်''ဟု ဝန်ကြီးဦးစိုးဦးက ပြောသည်။
စစ်ကိုင်းတိုင်းစားသုံးသူရေးရာကော်မတီ၏ (၅)ကြိမ်မြောက်အစည်းအဝေးကို စစ်ကိုင်းတိုင်းအစိုးရရုံးရှိစီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးရုံးခန်းတွင် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ နှစ်နာရီကကျင်းပရာ ဝန်ကြီးဦးစိုးဦးကပြောကြားခြင်းဖြစ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးကအမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်း စားသုံးသူရေးရာ ကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုတင်ပြရာ ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
''စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့အကျိုးစီးပွားတစ်ခုတည်းအတွက် မစဉ်းစားဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေလုံခြုံစိတ်ချရတဲ့ကုန်တွေ၊ အာမခံချက်ရှိတဲ့ ဝန်ဆောင်မှုတွေပေးစေဖို့ စားသုံးသူ ကာကွယ်ရေးဥပဒေမှာပါတဲ့ လုပ်ငန်းရှင်တွေရဲ့တာဝန်တွေ အခွင့်အရေးတွေတားမြစ်ထားတာတွေကို လိုက်နာဆောင်ရွက်စေလိုပါတယ်''ဟု ဝန်ကြီးဦးစိုးဦးကပြောသည်။















