သတ်မှတ် ယာဉ်နံပတ်ပြား မတပ်ဘဲ မောင်းနှင်ပါက ထောင်ဒဏ် သုံးလ၊ ငွေဒဏ် ကျပ် ၃ သိန်းအထိ ချမှတ်ခံရမည် 

သတ်မှတ် ယာဉ်နံပတ်ပြား မတပ်ဘဲ မောင်းနှင်ပါက ထောင်ဒဏ် သုံးလ၊ ငွေဒဏ် ကျပ် ၃ သိန်းအထိ ချမှတ်ခံရမည် 

အစိုးရရုံး ပိတ်ရက်များ၌ သတ်မှတ်ယာဉ် နံပတ်ပြား မတပ်ဆင်ဘဲ မောင်းနှင်ပါက မော်တော်ယာဉ် ဥပဒေသစ်အရ ထောင်ဒဏ် သုံးလ၊ ငွေဒဏ် ကျပ် ၃ သိန်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၂၆ ရက်တွင် သိရသည်။

ယခင် ကျင့်သုံးခဲ့သည့် ၂၀၁၅ မော်တော်ယာဉ် ဥပဒေအား ဖျက်သိမ်း၍  မေ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ အတည်ပြု ပြဋ္ဌာန်းခဲ့သော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတွင် ပုဒ်မ (၈၄)တွင် မော်တော်ယာဉ်မှတ်ပုံတင် နံပတ်ပြား ကို မထင်မရှားဖြစ်စေရန် တမင်မပြုလုပ်ရ၊ ဦးစီးဌာနက ထုတ်ပြန်ထားသည့်  မော်တော်ယာဉ်မှတ်ပုံတင် နံပတ်ပြားမဟုတ်ဘဲ အခြား နံပတ်ပြား တပ်ဆင် အသုံးမပြုရ၊ မော်တော်ယာဉ် မှတ်ပုံတင် နံပတ်ပြား တပ်ဆင်ထားခြင်းမရှိဘဲ အများပြည်သူဆိုင်နေရာတွင် မောင်းနှင်ခြင်း၊ မောင်းနှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်း မပြုရ ၊ဦးစီးဌာနက အခြားမော်တော်ယာဉ်အတွက် ထုတ်ပေးထားသည့် စာတမ်းအမှတ် သို့မဟုတ် မော်တော်ယာဉ် နံပတ်ပြားကို ပြောင်းလဲအသုံးပြုခြင်း သို့မဟုတ် အသုံးပြုစေခြင်းပြုရ ဟု ဖော်ပြထားရှိသည်။ မည်သူမဆို ပုဒ်မ ၈၄ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိသည်။

"နံပတ်ပြားမတပ်ဘဲ မောင်းနှင်သွားလာတာတွေ အရေးယူနေပါတယ်။ ကညနရုံးတွေလည်း ပြန်ဖွင့်နေပြီဆိုတော့ ရုံးဖွင့်တဲ့ ရက်ဆိုရင် ဆိပ်ကမ်းကနေ ကားထုတ်လာရင် ကညနရုံး လိုင်စင်ဝင်တာတို့ သက်ဆိုင်ရာ ကုမ္ပဏီကို သွားလာတာကတော့ ရပါတယ်။ သက်ဆိုင်တဲ့စာရွက်စာတမ်းနဲ့ သတ်မှတ်လမ်းကြောင်းပေါ်ပဲ သွားလာရမှာပါ။ အစိုးရရုံး ပိတ်ရက်ဆိုရင် နံပတ်ပြားမတပ်ဆင်ဘဲ မောင်းနှင်လို့မရပါဘူး။ ဘယ်ကားပဲ ဖြစ်ဖြစ် ကညနက ထုတ်ပေးထားတဲ့ သတ်မှတ်ထားတဲ့ နံပတ်ပြားမဟုတ်ရင် မော်တော်ယာဉ် ဥပဒေအသစ်အတိုင်း အရေးယူမှာပါ။ နံပတ်ပြားမတပ်တာတို့ နံပတ်ပြားကို ပြောင်းလဲပြင်ဆင် ထားတာတု့ိလည်း မရပါဘူး။ အရေးယူဖမ်းဆီးမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဒီဇင်ဘာ ၂၆ ရက်တွင် မြန်မာတိုင်းနေ့စဉ် သို့ပြောကြားသည်။

ကိုဗစ်ဒုတိယလှိုင်း ကာလအတွင်း ရန်ကုန်တိုင်းတွင် လမ်းမများပေါ်တွင် မော်တော်ယာဉ်သွားလာမှု ပြန်လည်များပြားလာနေခဲ့ပြီး စည်းကမ်းဖောက်ဖျက် မောင်းနှင်သောကားများနှင့်  လိုင်စင်မဲ့ ယာဉ်ဟုတ်မဟုတ် စစ်ဆေးခြင်းများအပါအဝင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ ထုတ်ပေးထားသည့် သတ်မှတ်ယာဉ် နံပတ်ပြားမတပ်ဆင်ထားသည့် မော်တော်ယာဉ်များအား အရေးယူ ဖမ်းဆီးစစ်ဆေးမှုများကို မြို့နယ်များအလိုက် လုပ်ဆောင်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်