စံပြမုန့်တိုက်ပိုင်ရှင်ဖမ်းဆီးခံမှု ရက်၂ဝ ကျော်သည့်တိုင်ပြန်မလွှတ်သေး၊ အကြောင်းရင်းအား TNLA မပြော

စံပြမုန့်တိုက်ပိုင်ရှင်ဖမ်းဆီးခံမှု ရက်၂ဝ ကျော်သည့်တိုင်ပြန်မလွှတ်သေး၊ အကြောင်းရင်းအား TNLA မပြော

မိုးကုတ်မြို့ စံပြမုန့်တိုက်ပိုင်ရှင်ဖမ်းဆီးခံထားရသည်မှာ ရက်၂ဝ ကျော်ပြီဖြစ်သော်လည်းမည်သို့ ဆက်လက်ကိုင်တွယ်မည့်အကြောင်း TNLA ကထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ စံပြမုန့်တိုက်(SP Bakery)ပိုင်ရှင်အား ဖမ်းဆီးထိန်းသိမ်းထား ရာ ၂၂ ရက်ကြာအထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ ၎င်း၏ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သာ ဖမ်းဆီးထိန်းသိမ်းထားသည့် တအာင်းပလောင်လက်နက်ကိုင်အဖွဲ့(TNLA)မှ ပြောခွင့်ရသူ ဗိုလ်မှူးတာအိုက်ကျော်ကပြောသည်။

''အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ အသေးစိတ်ဆိုတာလုပ်ပြီးမှ သိရမှာဖြစ်ပါတယ်။ သူ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး''ဟု ၎င်းက ပြောသည်။စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအား အခွန်ကိစ္စနှင့်ပတ်သက်ပြီးဖမ်းဆီးထားခြင်းဟုဆို၍ မြန်မာတိုင်းမ်ကအသေးစိတ် မေးမြန်းခဲ့ရာထုတ်ဖော်ပြောကြားခြင်းမရှိသလို ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုလည်းဗိုလ်မှူးတာအိုက်ကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။ မိုးကုတ်မြို့ရှိစံပြမုန့်တိုက် (SP Bakery) ပိုင်ရှင်ကို ယခုလ ၄ ရက်နေ့နံနက်ပိုင်းက လက်နက်ကိုင် လူတစ်စုမှဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်ဈေးကလေးအနီး ၎င်း၏ ကားပေါ်ထိုင်နေစဉ် လက်နက်ကိုင် လူတစ်စုကားဖြင့်ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီးနောက် ၁ ရက်အကြာတွင် TNLA က ၎င်းတို့ ဖမ်းဆီးခြင်းဖြစ်ကြောင်းအတည်ပြုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိုးကုတ်မြို့သူ၊ မြို့သားများအနေဖြင့်စိုးရိမ်သောကများ ခံစားနေရကြောင်းမိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားလွှာထုတ်ပြန်ရာ၌ဖော်ပြထားသည်။ ထို့ပြင်ယခုလ ၁၉ ရက်က မိုးကုတ်ဒေသခံများကိုလက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးငွေကြေး တောင်းခံနေခြင်းများအားကန့်ကွက်ကြောင်း ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများက ကိုဗစ်ကာလ လူ ၃ဝ ခန့်ဖြင့် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ ကြသည်။

သို့သော် ဆန္ဒဖော်ထုတ်ပွဲကိုအစိုးရက ခွင့်ပြုမပေးခဲ့သောကြောင့် ဦးဆောင်သူများက ယင်းနေ့ နံနက် ၁ဝ နာရီခန့်က မိုးကုတ်မြို့လယ်ရှိအင်းနံဘေးတွင်ပိုစတာများ ကိုခင်းကျင်းပြီးခွင့်ပြုမိန့်ရရန်အတွက် စောင့်ဆိုင်းခဲ့ကြပြီး၎င်းတို့ခံစားချက်များ ထုတ်ဖော်ပြောဆိုမှုများပြုလုပ်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်