ဆောင်းခိုငှက်များအတွက် တောင်သမန်အင်း၏ သဘာ၀ ပျက်စီးမှု အဆိုးဆုံးအခြေအနေ ရောက်နေ

ဆောင်းခိုငှက်များအတွက် တောင်သမန်အင်း၏ သဘာ၀ ပျက်စီးမှု အဆိုးဆုံးအခြေအနေ ရောက်နေ

မန္တလေး၊ အမရပူရမြို့နယ် တောင်သမန်အင်း၏ ရေဝင်ရေထွက်အခြေနေ၊ ရေအရည်အသွေးပြောင်းလဲလာမှုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများကြောင့် နှစ်စဉ်ရောက်ရှိလာသော ဆောင်းခိုငှက်များ နည်းပါးလာနေခြင်းသည် တောင်သမန်အင်း၏ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအဆိုးဆုံး အနေအထားရောက်ရှိနေပြီဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောသည်။

တောသမန်အင်းသည် ဆောင်းခိုငှက်များအပြင် ဒေသမျိုးရင်း ငှက်များကျက်စားရာဖြစ်၍ ၁၁၄ မျိုး လာရောက်တတ်ပြီး ဘဲမျိုးစိတ်တွင် ဆောင်းခိုငှက် ၈ မျိုးနှင့် ဌာနေ ငှက် ၄ မျိုး၊ ကမ်းခြေနဲ့ ရေစပ်များတွင် ကျက်စားသည့် ဆောင်းခိုငှက် ၄၈ မျိုးနင့် ဆောင်းခိုငှက် ၂၄ မျိုး၊ ရှားပါး ဟင်္သာမျိုးစိတ်များတွေ့ရှိ ရသည်ဟုဆိုသည်။

“တောင်သမန်အင်းကတော့ အပျက်စီးဆုံးနေရာလို့ ပြောရမယ့်အနေအထား ရောက်နေပြီ။ ရေမြေသဘာ၀ ပြောင်းသွားလို့လား၊ မလာတာက သူတို့ မူရင်းဒေသက ပြဿနာရှိလို့လား၊တောင်သမန်မှာ စားစရာနေစရာမရှိလို့ အခြားနေရာပြောင်းသွားတာလား စဉ်းစားစရာပါ။ တောင်သမန်ရဲ့ဆောင်းခိုငှက်ကို အပြတ်မပြောနိုင်သေးတာက ဇန်နဝါရီလလယ်ထိ စောင့်ကြည့်ပြီးရင် ထပ်ရောက်စရာ မလိုတော့ဘူး”ဟု ၎င်းက ပြောသည်။

တောင်သမန်အင်းသို့ ထောင်နှင့်ချီ လာရောက်သည့် ဒေါင်းတန်းခြေထောက်ငှက်မှာ ယခုနှစ်တွင် ၁၅ ကောင်ခန့်၊ ဟင်္သာငှက် ၅ ကောင်ခန့် တွေ့ရှိရပြီး ပင်လယ်ကမ်းစပ်မှ ဆောင်းခိုလာသောငှက်များမှာ ယခင်နှစ်များက၂၀ ခန့် ရောက် ရှိလာရာက ယခုတွင် မတွေ့ရတော့ကြောင်း၊ တောင်သမန်မှာ ထူးခြားမှုအဖြစ် နစ်စဉ်ရောက်ရှိသော ဇင်ယော်များ လုံး၀ မတွေ့ရှိခြင်းတို့သည် ပတ်ဝန်းကျင် ပြောင်းသွား၍ ဖြစ်နိုင်ကြောင်း သိရသည်။

“၂၀၀၈ ကတည်းက တောင်သမန်ငှက် ကြည့်ခဲ့တုန်းက ငှက်တွေ အများကြီးလာတယ်။ နောက်ပိုင်းပေါ်လစီ အမျိုးမျိုးပြောင်းရာက ငှက်တွေရဲ့စားကျက်က ပုံမှန်မဟုတ်တော့ ငှက်တွေမှာရွာလည်ကုန်တယ်။ တောင်သမန်အင်း ထိန်းသိမ်းဖို့ အဆောက်အအုံဆောက်တာ တစ်ခုတည်း ပြောလို့မရဘူး။ ရေအရည်အသွေးနဲ့ ရေသွင်းရေထုတ် စနစ်လိုတယ်။ အင်းဆို ရေရှိရမယ်နဲ့ Tourism အတွက်ဆိုပြီး ရေတံခါးလုပ်ပြီး ပိတ်တယ်။ ဟိုအရင်တောင်သမန်က နွေမှာ ရေလုံးဝမရှိဘူး”ဟု ဆက်လက်ပြောကြားသည်။

တောင်သမန်အင်းတွင် ရေမျက်နှာပြင်၊ ရေအရည်အသွေး၊ ပတ်ဝန်းကျင် ပြောင်းလဲမှုများကို သုတေသနပြုလုပ်ထားမှု မတွေ့ရသောကြောင့် သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေနှင့် ငါးမွေးသူများအတွက် ရေလိုအပ်မှု၊ အင်းဆိုလျှင် ရေရှိရန်နှင့် Tourism အတွက်ဟုဆိုကာ မူဝါဒပြောင်းလဲခဲ့ခြင်းများကြောင့် ဆောင်းခိုရန် ရောက်လာသည့် ငှက်များအတွက် စားကျက်နှင့် ပတ်ဝန်းကျင်ပြောင်းလဲခြင်း တို့ကြောင့် ဆောင်းခိုငှက်များ လာရောက်မှု လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်