မန္တလေးတိုင်းတွင်း Stay at Home သတ်မှတ်ခံရသည့် မြို့နယ်များရှိ အလုပ်ဌာနများမှ အလုပ်သမားများအား လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းပေးရန် ကျန်ငွေများကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေး နိုင်မည်ဟု ခန့်မှန်းထားပြီး မရရှိသေးပါက လူမှုဖူလုံရေးရုံးများသို့ ဒီဇင်ဘာ ၃၀ ရက်နောက်ဆုံးထား လျှောက်လွှာ တင်ရန်လိုကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။
Stay at Home သတ်မှတ်ခံရသော မြို့နယ်များရှိ အလုပ်ဌာနများမှ အလုပ်သမားများအား လူမှုဖူလုံရေးကြေး ထောက်ပံ့ငွေများပေးအပ်ရန် အကျုံးဝင်သဖြင့် ထုတ်ပေးရာတွင် အလုပ်သများဘက်က လူမှုဖူလုံရေးကြေး အပြည့်အဝပေးသွင်းရန် လိုအပ်သည်ဟုဆိုသည်။
“လူမှုဖူလုံရေးကြေး အပြည့်အ၀ ပေးသွင်းပြီးဖြစ်ဖို့လိုပါတယ်။Stay at Home သတ်မှတ်မြို့နယ်တွေက အလုပ်ဌာန အလုပ်သမားတွေ လစာရဲ့ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ကြေးပေးနေတယ်။မြို့နယ်ရုံးတွေကတစ်ဆင့် ဖြည့်စွက်ပြီး ရုံးချုပ်ကို တင်ပေးတယ်။ ရုံးချုပ်က ညွှန်ကြားချက်လာတာနဲ့ ထုတ်ပေးသွားမှာပါ” ဟု လူမှုဖူလုံရေးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်လွင်လွင်က ပြောသည်။
အဆိုပါ ထောက်ပံ့ငွေ မရရှိသေးသဖြင့် လျှောက်ထားခြင်းများကို ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထားလျှောက်လွှာ တင်ကြရန် လိုအပ်သဖြင့် ယင်းနောက်ပိုင်းတွင် ရပ်ဆိုင်းထားဖွယ်ရှိကြောင်း၊ ပေးအပ်ရန်ကျန်ရှိသော လူမှုဖူလုံရေးထောက်ပံ့ငွေများကို ၂၀၂၁ခုနှစ်ဇန်နဝါရီ ဒုတိယအပတ်အတွင်း အပြီးထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အလုပ်ဌာနပေါင်း ၃၇၀ အတွက် ရုံးချုပ်ကို တင်ပြထားပြီး ၂၈၇ ဌာနအတွက် ထောက်ပံ့ငွေထုတ်ပေးဖို့ ခွင့်ပြု လိုက်တာကြောင့် ထုတ်ပေးနေပါတယ်။ ကျန်တာတွေရှိနေတော့ ဒီလအတွင်းမှာ လျှောက်ထားကြဖို့ပါ။ ရုံးချုပ်ကို တင်ပြပြီး ဆက်လက်ဆောင်ရွက်ပေးသွားပါမယ်”ဟု ဆက်လက်ပြောကြားသည်။
အဆိုပါ လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းကို နိုဝင်ဘာ ၄ ရက်မှ စတင်ထုတ်ပေးခဲ့ရာ၌ ဒီဇင်ဘာ တတိယပတ်ထိ ထောက်ပံငွေပေးအပ်ပြီး အလုပ်ဌာန ၂၇၁ ခု၊ အလုပ်သမားဦးရေ ၅၀၂၈ ဦးအတွက် ကျပ်သန်းပေါင်း ၃၂၀ကျော် ထုတ်ပေးပြီးကြောင်း၊ ထောက်ပံ့ရန် ၁၆ ခုမှ အလုပ်သမားဦးရေ ၁၁၅ ဦးအတွက် ကျပ် ၅၅ သန်းကို ဒီဇင်ဘာ ၃၀ ရက်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးစက်မှုဇုန် ၂ မှ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားရာတွင် "ပြီးခဲ့တဲ့ ကိုဗစ်ပထမ လှိုင်းမှာတုန်းက မရတဲ့သူတွေ ရှိခဲ့တယ်။ မရဘူးပြောနေပေမယ့် သူတို့က လူမှုဖူလုံရေးကြေး အပြည့်အ၀ ပေးသွင်းသလားဆိုတာနဲ့ လျှောက်လွှာတင်ဖို့လည်း လိုတယ်။ ထောက်ပံ့ကြေးမရသေးရင် သွားပြောမှ အဆင်ပြေ မှာပါ” ဟု ဆိုသည်။

















