ယနေ့ညတွင် မြန်မာ့ရေပိုင်နက်သို့ တရုတ် အာကာသယာဉ် အစိတ်အပိုင်းများ ကျနိုင်၊ ငါးဖမ်း မထွက်ရန် သတိပေး

ယနေ့ညတွင် မြန်မာ့ရေပိုင်နက်သို့ တရုတ် အာကာသယာဉ် အစိတ်အပိုင်းများ ကျနိုင်၊ ငါးဖမ်း မထွက်ရန် သတိပေး

ဒီဇင်ဘာ ၂၇ရက် ည ၁၁ နာရီမှ ၁၁ နာရီခွဲအချိန်တွင် မြန်မာ ရေပိုင်နက်အတွင်းသို့ အာကာသယာဉ် အစိတ်အပိုင်းအချို့ ကျရောက်နိုင်သဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းစပ်ကြား ရေပိုင်နက်အတွင်း ငါးဖမ်းမထွက်ရန် ငါးလုပ်ငန်းဉီးစီးဌာနက ဒီဇင်ဘာ ၂၆ရက်တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ ပေကျင်း လေယာဉ်မှူး သတိပေးလွှာ ထုတ်ပြန်ရေးရုံးက မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့လာသော ကြေးနန်းစာအရ  Space Flight Activities တစ်ခု ယနေ့ ဒီဇင်ဘာ၂၇ရက် ည ၂၂ နာရီ ၈ မိနစ်မှ ၂၂ နာရီ ၃၄ မိနစ်အတွင်း မြန်မာနိုင်ငံ မာန်အောင်‌လေဆိပ်၏ တောင်ဘက် ရေမိုင် ၄၅ မိုင်ခန့် သံတွဲလေဆိပ် အနောက်တောင်ဘက် ရေမိုင် ၃၃ခန့်၊ ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် ၆၀ ခန့် အကွာ ပင်လယ်ပြင်အတွင်းသို့ မြေပြင်မှ အမြင့်ပေအကန့်အသတ်မရှိ Space Flight အစိတ်အပိုင်းများ ကျရောက်နိုင်ကြောင်း ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ကျရောက်နိုင်မည့် နေရာသည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ချောင်းသာ၊ ဂွနှင့်သံတွဲ ဒေသအနောက်ဘက်ရှိ ရခိုင်နှင့် ဧရာဝတီငါးဖမ်းကွက် အတွင်းဖြစ်ပြီး အဆိုပါနေရာများအား အထက်ဖော်ပြပါအချိန်အတွင်း ရေယာဉ်ကြီး/ ငယ်များ၊ ကုန်တင် စက်လှေများ၊ ကမ်းဝေး/ကမ်းနီး ငါးဖမ်းရေယာဉ်များ အပျော်စီး ခရီးသွားရေယာဉ်များနှင့် စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း ၊ ကျောက်ချ ရပ်နားထားခြင်းနှင့် ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် ရခိုင်နှင့် ဧရာဝတီတိုင်း ငါးလုပ်ငန်းဉီးစီးဌာနက ထုတ်ပြန်ထားသည်။

“ခရိုင်တွေကိုမနေ့က စာရောက်တာနဲ့ ချက်ချင်း အကြာင်းကြားပြီးပါပြီ။ ဧရာဝတီတိုင်းမှာဆိုရင် ချောင်းသာကမ်းရိုး တစ်လျှောက်ပေါ့။ အဲဒီဘက်မှာက ဟိုင်းကြီးကျွန်းကလာပြီး ငါးဖမ်းတဲ့ ရေယာဉ်တွေက အစီး ၆ဝလောက် ရှိပါတယ်။ စာထဲမှာတော့ အာကာသယာဉ် အစိတ်ပိုင်းတစ်ခု ကျမယ်လို့ပဲရေးထားပါတယ်”ဟု ဧရာဝတီတိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဉီးစီမှူး ဉီးကျော်မြင့်ကျော်က ပြောသည်။

ဧရာဝတီတိုင်းအတွင်း ယခုဖြစ်စဉ်သည် ပထမဉီးဆုံးအကြိမ်ဖြစ်ပြီး စိုးရိမ်မှုအခြေအနေနှင့်ပတ်သက်၍ ကျလာမှသာ သိရမည်ဟု ဉီးကျော်မြင့်ကျော်က ပြောသည်။

ဒီဇင်ဘာ၂၅ရက် သံတွဲလေဆိပ် တာဝန်ခံက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြစာတွင် သံတွဲလေဆိပ်၏ ပင်လယ်ပြင် အနောက်တောင်ဘက် ရေမိုင် ၃ဝ ခန့် အကွာတွင် ပင်လယ်ပြင်တွင်းသို့ တရုတ်နိုင်ငံမှ အာကသာလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ် အပိုင်းများ၂၇ ရက်ညအချိန်တွင် ကျရောက်လာနိုင်ခြေရှိကြောင်း ရေးသားထားသည်။

ရခိုင်အခြေအနေကို သိရှိရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဉီးကျော်လွင်ထံ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဉီးဝင်းမြင့်က ယင်းအကြောင်းအရာသည် သိပ္ပံနည်းအရ လက်တွေ့မကျဘဲ ခန့်မှန်းချက်သာဖြစ်ကြောင်း တုန့်ပြန်သည်။

“Facebook မှာတော့ ဒီစာတွေနဲ့ပတ်သက်ပြီး ပွတ်လောရိုက်နေတာပေါ့။ သေချာပြန်စဉ်စားတဲ့လူဆိုရင် အာကာသက ကျလာတဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်နေရာမှာ ဘယ်အချိန်ကျမလဲဆိုတာ ဘယ်သူက ခန့်မှန်းတာလဲ။ ယုတ္တိ မဆန်တဲ့ စဉ်းစားချက်ပါ။ တကယ်လို့ကျလာခဲ့သည့်ရှိသော် တစ်စုံတစ်ရာ ထိခိုက်သွားရင် တရုတ်ပဲ တာဝန် ယူလိမ့်မယ်”ဟု  ဉီးဝင်းမြင့်က ပြောသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ခန္တီမြို့နယ်များ၌ ကောင်းကင်ပေါ်မှ   အာကာသယာဉ် အစိတ်အပိုင်းဟု ယူဆရသော အစိတ်အပိုင်းတချို့ကျရောက်ခဲ့သော်လည်း မည်သည့်အစိတ်အပိုင်းဖြစ်ကြောင်း ယနေ့အထိ အစိုးရက သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး