ထိုင်းနိုင်ငံ ကိုဗစ်ဂယက်ကြောင့် မြန်မာလုပ်သားများ နေထိုင်ရေးအခက်ခဲဖြစ်၊ နေရပ်ပြန်လိုသူ များပြား

ထိုင်းနိုင်ငံ ကိုဗစ်ဂယက်ကြောင့် မြန်မာလုပ်သားများ နေထိုင်ရေးအခက်ခဲဖြစ်၊ နေရပ်ပြန်လိုသူ များပြား

ယခုရက်ပိုင်း၌ ထိုင်းနိုင်ငံအတွင်း ဖြစ်ပွားနေသော COVID -19 ကူးစက်ရောဂါဖြစ်ပွားလာရခြင်းဂယက်ကြောင့် မြန်မာလုပ်သားများ နေထိုင်မှုအခက်အခဲဖြစ်ကာ နေရပ်ပြန်လိုသူများပြားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံမဟာချိုင်ရှိ သားငါးဈေးမှ ပျံ့နှံ့ခဲ့သော COVID -19 ကူးစက်မှုအခြေအနေသည်မြန်မာလုပ်သားများ တရားမဝင်ခိုးဝင်လာခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းထိုင်းအာဏာပိုင်များက စွပ်စွဲနေကြသည်။

''ကိုဗစ်ရောဂါဆိုတာ ကျွန်တော်တို့လည်း မဖြစ်ချင်ဘူး။ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ထိုင်းမှာ မြန်မာလုပ်သား ၁ဝဝဝ ကျော် ကူးစက်ခံနေရတယ်လို့ သိရတယ်။ ဒီလို COVID -19 ကူးစက်ခံရတော့ မြန်မာနိုင်ငံသားတွေကြောင့် ကိုဗစ်ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကို ပိုပြီးဖိနှိပ်မှုတွေလုပ်လာတယ်။ COVID -19 ကူးစက်မြန်ရောဂါကလူမျိုးမရွေးပါဘူး။ အခုဆိုရင် မြန်မာတွေကို ထိုင်းတွေ မျက်လုံးစိမ်းတွေနဲ့ကြည့်တယ်။အဓိကကတော့ မြန်မာနိုင်ငံသားတွေအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ လက်ရှိတော့ မြန်မာနိုင်ငံသားတွေအတွက် သံအရာရှိတွေဆောင်ရွက်ပေးနေပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနတွေက မြန်မာတွေဆေးကုသပေးဖို့ဆောင်ရွက်တာကို ထိုင်းနိုင်ငံသားတွေက လက်မခံဘူး။ လူမျိုးရေးခွဲခြားမှုတွေ ရှိနေတယ်၊ဆိုတော့ ဒီနေရာမှာရောဂါဖြစ်လာပြီဆိုရင်တော့ မောင်ဖြူ မောင်မဲ ဘယ်သူ့မှမခွဲခြားလို့မရဘူး။လက်ရှိအနှိမ်ခံနေရတာကနေ လွတ်မြောက်ဖို့ရာဆိုရင်တော့ မြန်မာနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနက တစိုက်မတ်မတ်ကူညီဆောင်ရွက်ပေးဖို့လိုတယ်'' ဟု အလုပ်သမားအရေးနှင့်လူ့အခွင့်အရေးဆောင်ရွက်နေသူ ကိုသားကြီးက ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားမှု၌ ခိုးဝင်လာသူ မြန်မာနိုင်ငံသားများကြောင့်မဟုတ်ဘဲ တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်ပြီး အလုပ်လာလုပ်ကာထိုင်းနိုင်ငံသို့ပြန်သွားသည့် ထိုင်းအမျိုးသမီးခြောက်ဦးမှ စတင်ကူးစက်မှုဖြစ်နိုင်ကြောင်း၎င်း၏အမြင်ကို ပြောသည်။

''ထိုင်းနိုင်ငံသားတွေကတော့ ခိုးဝင်လာတဲ့မြန်မာနိုင်ငံသားတွေကြောင့် ကိုဗစ်ကူးစက်မှုဖြစ်တယ်လို့ စွပ်စွဲပေမယ့် လွန်ခဲ့တဲ့တစ်လကျော်လောက်က ထိုင်းနိုင်ငံသူအမျိုးသမီးခြောက်ဦးမြန်မာနိုင်ငံထဲကို တရားမဝင်ခိုးဝင်လာပြီး ထိုင်းကိုကယ်ရီခတစ်ယောက် ဘတ် ၅၅ဝဝ ပေးပြီးပြန်လည်ဝင်ရောက်သွားတဲ့ ဖြစ်စဉ်တစ်ခု ရှိတယ်။ အဲဒါကြောင့် ကိုဗစ်က ထိုင်းနိုင်ငံသားအမျိုးသမီးတွေဆီကလည်း ကူးစက်တာဖြစ်နိုင်တယ်၊ ရောဂါက ထိုင်းနဲ့မြန်မာ မခွဲခြားပါဘူး။လူတိုင်းပေါ်မှာ ကူးစက်ရောဂါပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ မြန်မာအလုပ်သမားတွေအနှိမ်ခံနေရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ G to G, MoU ထိုးထားတဲ့ ဝန်ကြီးဌာနက တိတိကျကျဖြေရှင်းပေးသင့်တယ်လို့ ပြောချင်ပါတယ်''ဟု ကိုသားကြီးကပြောသည်။

ယခု လတ်တလောအခြေအနေအရ ထိုင်းနိုင်ငံသားအလုပ်ရှင်နှင့် ထိုင်းနိုင်ငံသားများ၏ဖိနှိပ်မှုများကြောင့် မိခင်နိုင်ငံသို့ ပြန်လာချင်သူများပြားနေကြောင်း နေရပ်ပြန်လာကြသည့်မြန်မာအလုပ်သမားများထံမှ သိရသည်။

''ကျွန်တော်တို့ ဒီနေ့ပြန်လာခဲ့တာပါ။ ထိုင်းက ကျွန်တော်တို့ကို မတူသလို မတန်သလိုနှိမ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပြန်လာတာပေါ့နော်။ ကျွန်တော်တို့ ပြန်ချင်လို့မနေ့ကတည်းက ထွက်လာတာပါ။ ဒီ'ကိုဗစ်'က ထိုင်းလည်းဖြစ်တယ်။ မြန်မာလည်းဖြစ်တယ်။ဘယ်သူ့မှ အထင်သေးစရာမလိုဘူး၊ နှိမ်စရာလည်းမလိုပါဘူး''ဟု ဒီဇင်ဘာ ၂၆ ရက်ကနေရပ်ပြန်လာသူမြန်မာအလုပ်သမားများက ပြောသည်။

မြန်မာအလုပ်သမား အများဆုံးဝင်ရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံမဟာချိုင်တွင် COVID -19 ကူးစက်မှု များပြားလာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း အသွားအလာများကန့်သတ်ထားကြောင်းလည်း သိရသည်။