အမေရိကန်ဒေါ်လာ ၂၇၄ သန်းကျော်ရင်းနှီးမြှုပ်နှံမည့် Yangon Amata Smart and Eco City စီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်ချက်အရသိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် AMATA Corporation PCL တို့အကျိုးတူပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်မည့် Yangon Amata Smart and Eco City စီမံကိန်းပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ၂၇ ရက်တွင်ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
Yangon Amata Smart and ECO City ကိုအမှတ်၂ လမ်းမကြီး၊ လေးထောင့်ကန်ကျေးရွာအနီးတွင်ရှိသော ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဧက ၁၂ဝဝ နှင့်ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဧက ၈ဝဝ ဖြင့်စုစုပေါင်းဧက၂ဝဝဝ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီးအလုပ်အကိုင်ပေါင်း ၃၅၉၁၂ ကျော်ဖန်တီးပေးနိုင်မည်ဖြစ်သည်။လုပ်ငန်းဆောင်ရွက်ရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Asia Myanmar Limited တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် Yangon Amata Smart and Eco City Limited တို့အကြား မြေငှားစာချုပ်ချုပ်ဆိုခြင်းကို ၂ဝ၂ဝပြည့်နှစ်၊ဇန်နဝါရီ ၂၄ ရက်ကပြုလုပ်ထားခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုက်ပြန်ထားသည်။
စီမံကိန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၂၇၄ဒသမ ၆၈ဝ သန်းရှိပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၂ဝ ရာခိုင်နှုန်း၊ Amata Asia Myanmar Limited ကုမ္ပဏီဘက်မှ ၈ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သည့်လုပ်ငန်းစုဖြစ်သည်။ လုပ်ငန်းတည်ဆောက်ရေးကာလငါးနှစ်ဖြစ်ကာရင်းနှီးမြှုပ်နှံမူ ဥပဒေအရအခွန်ကင်းလွတ်ခွင့် ရရှိမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်များအရ သိရသည်။
Yangon Amata Smart and Eco City ကိုအပိုင်းငါးပိုင်းခွဲခြားထားပြီး အပိုင်း (၁) တွင် ၂ဝဝ ဒသမ၂၆ဝဧက၊ အပိုင်း(၂) တွင် ၆၄၇ ဒသမ ၆၂၅ ဧက၊အပိုင်း(၃) တွင် ၁၅၆ ဒသမ ၄၆၈ ဧက၊ အပိုင်း (၄) တွင် ၆၄၇ ဒသမ ၆၂၅ ဧကနှင့် အပိုင်း (၅) တွင် ၆၆ဝဒသမ ၁၅၅ ဧက တို့ပါဝင်ကာ စီမံကိန်းတစ်ဆင့်ချင်းအလိုက်ဆောင်ရွက်မည်ဟု လုပ်ငန်းဖော်ပြချက်များအရသိရသည်။
ထို့ပြင် ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီကြီး လေးခုတို့ပူးပေါင်းကာ အဆိုပါစီမံကိန်းအတွက်လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရန်လည်း ပြင်ဆင်ထားသည် ဟု သတင်းဖော်ပြချက်များအရသိရသည်။
စီမံကိန်းကို အကောင်အထည်ဖော်မည့်ကုမ္ပဏီမှာ Development and Operation of Smart and Eco City Related Business အမည်သက်မှတ်ထားသည့်လုပ်ငန်းဖြစ်ပြီး ဟောင်ကောင်တွင်ကုမ္ပဏီမှတ်ပုံတင်ထားကာ ထိုင်းနိုင်ငံရှိ Amata ကုမ္ပဏီလုပ်ငန်းစုက ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။

















