COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုမှ သက်သာခွင့်အကူအညီနှင့် အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းကို သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သောကြောင့် အမေရိကန်နိုင်ငံသားသန်းပေါင်းများစွာသည် အလုပ်အကိုင်မဲ့သူခံစားခွင့် ပြန်လည်ရရှိမည်ဖြစ်ပြီး အစိုးရအဖွဲ့ လုပ်ငန်းလည်ပတ်မှု တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုကိုလည်း ရှောင်ရှားနိုင်ခဲ့ပြီဖြစ်သည်။
ဥပဒေကြမ်းကို ကွန်ဂရက်က လွန်ခဲ့သောအပတ်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပါတီကြီးနှစ်ခုလုံးမှ အမတ်များက ဥပဒေကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးရန် ထရမ့်အား ဖိအားပေးခဲ့သည်။
ဥပဒေကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချမည်ဖြစ်ကြောင်း ယခင်က ခြိမ်းခြောက်ပြောဆိုခဲ့သည့် ထရမ့်သည် မည်သည့်အတွက်ကြောင့် စိတ်ပြောင်းသွားသည်ကို မသိရသေးချေ။ ဥပဒေအရ ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံကို သုံးစွဲမည်ဖြစ်သည်။
စီးပွားရေးအရ ရုန်းကန်နေသည့် အမေရိကန်ပြည်သူများအား ထောက်ပံ့ငွေကို ဒေါ်လာ ၆၀၀ မှ ဒေါ်လာ ၂၀၀၀ အထိ တိုးမြှင့်ရန် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတသက်တမ်းကုန်ဆုံးမည့် ထရမ့်က ကွန်ဂရက်ကို တောင်းဆိုခဲ့သည်။
ထရမ့်၏တောင်းဆိုမှုကို ဒီမိုကရက်တစ်အမတ်များက ထောက်ခံထားသည်။
စီးပွားရေးလည်ပတ်မှုရှိလာရေးအတွက် ဥပဒေကြမ်းပါ စီးပွားရေးအရအကူအညီပေးမှုပမာဏပိုမိုများပြားသင့်ကြောင်း ဘောဂဗေဒပညာရှင်များကပြောဆိုထားပြီးဖြစ်သည်။
အမေရိကန်နိုင်ငံသား ၁၄ သန်းအား ပေးအပ်နေသည့် အလုပ်အကိုင်မဲ့သူခံစားခွင့်များသည် ဒီဇင်ဘာ ၂၆ ရက်တွင် ရပ်ဆိုင်းခဲ့သော်လည်း ဥပဒေကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သောကြောင့် မကြာမီတွင် ပြန်လည်ပေးအပ်နိုင်တော့မည်ဖြစ်သည်။
ယခုအသုံးပြုမည့် ငွေများတွင် အစိုးရအဖွဲ့အစည်းများအား ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံထောက်ပံ့မှုလည်းပါဝင်မည်ဖြစ်သည်။
ထရမ့်က ဥပဒေကြမ်းကို လက်မှတ်ရေးထိုးပေးခြင်းမရှိပါက ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ အစိုးရအဖွဲ့လုပ်ငန်းလည်ပတ်မှုတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းပြီး အစိုးရဝန်ထမ်းသန်းပေါင်းများစွာ လစာရရှိရေး အခက်အခဲရှိသွားမည်ဖြစ်သည်။

















