ဗြိတိန်နိုင်ငံတစ်ဝန်း အကြီးအကျယ်ပျံ့နှံ့နေသည့် ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ၎င်းတို့ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးဖြင့် ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိနေကြောင်း AstraZeneca ကုမ္ပဏီအကြီးအကဲ ပါစကယ် ဆောရီယော့က ဒီဇင်ဘာ ၂၇ ရက်တွင် ဆန်းဒေးတိုင်းမ်သတင်းစာသို့ ပြောဆိုခဲ့သည်။
AstraZeneca ထုတ် COVID-19 ကာကွယ်ဆေးသည် ပြိုင်ဘက်ကုမ္ပဏီများ၏ ကာကွယ်ဆေးများကဲ့သို့ပင် ထိရောက်မှုရှိနေကြောင်း ပါစကယ် ဆောရီယော့ကပြောဆိုခဲ့သည်။
အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ပူးတွဲထုတ်လုပ်သည့် AstraZeneca ၏ကာကွယ်ဆေးသည် ဗြိတိန်နှင့် အခြားနိုင်ငံများတွင် စတင်ဖြန့်ချိနေပြီဖြစ်သည့် Pfizer ၏ကာကွယ်ဆေးလောက် ထိရောက်မှုရှိမည်မဟုတ်ကြောင်း ပြောဆိုမှုများရှိနေသည်။
AstraZeneca ထုတ်ကာကွယ်ဆေးသည် COVID-19 ဖြစ်ပွားမှုမှ ရာခိုင်နှုန်း ၇၀ ကာကွယ်ပေးနိုင်ကြောင်း ကနဦးရလဒ်များအရ သိရှိခဲ့ရပြီးဖြစ်သည်။
Pfizer နှင့် လက်တွဲဖော် BioNTech တို့ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးသည် ၉၅ ရာခိုင်နှုန်းထိရောက်ကြောင်း သက်သေခံနေပြီဖြစ်သည်။
AstraZeneca ၏ ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုရလဒ်များကို ဆေးဝါးကြီးကြပ်သူများက သုံးသပ်နေပြီဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည်။
AstraZeneca ထုတ် COVID-19 ကာကွယ်ဆေးကို ဒီဇင်ဘာ ၃၁ ရက်တွင် ခွင့်ပြုချက်ထုတ်ပေးပြီး ဇန်နဝါရီ ပထမဆုံးအပတ်တွင် ဗြိတိန်နိုင်ငံတစ်ဝန်း ဖြန့်ချိနိုင်ခြေရှိနေကြောင်း မီဒီယာများက ခန့်မှန်းထားသည်။
ကူးစက်မြန် မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူသစ်တိုးပွားလာနေခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရကပြောဆိုခဲ့သည်။ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်သည် ကူးစက်နှုန်းမြန်ဆန်သော်လည်း ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ခြေမရှိကြောင်း အစိုးရကပြောဆိုခဲ့သည်။
ဗြိတိန်၌ လူ ၆၀၀၀၀၀ ကျော်သည် Pfizer ထုတ် နှစ်ကြိမ်ထိုးနှံရသည့် COVID-19 ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံခဲ့ကြပြီးဖြစ်ကြောင်း ကျန်းမာရေးအရာရှိများက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။

















