ဗြိတိန်၌ ကျန်းမာရေးနှင့်မညီသော အစားအသောက်များ အရောင်းမြှင့်တင်မှု ပိတ်ပင်မည်

ဗြိတိန်၌ ကျန်းမာရေးနှင့်မညီသော အစားအသောက်များ အရောင်းမြှင့်တင်မှု ပိတ်ပင်မည်

ဗြိတိန်နိုင်ငံ၌ အဝလွန်မှုတားဆီးရေးနှင့် အများပြည်သူကျန်းမာရေးကောင်းမွန်လာစေရေးတို့အတွက် အဆီ၊ သကြားနှင့် ဆားဓာတ်များစွာပါဝင်သည့် အစားအစာများကို တစ်ခုဝယ် တစ်ခုလက်ဆောင်ရ ဟု အရောင်းမြှင့်တင်ခြင်းနှင့် စားသောက်ဆိုင်များ၌ အချိုရည်များကို အဝသောက်ခွင့်ပြုခြင်းတို့ကို ၂၀၂၂ ခုနှစ် ဧပြီမှစ၍ ပိတ်ပင်မည်ဖြစ်ကြောင်း အစိုးရက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အင်္ဂလန်ရှိ အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံခန့်နှင့် မူလတန်းကျောင်းပြီးဆုံးသည့် ကလေးသုံးဦးလျှင် တစ်ဦး အဝလွန်နေခြင်းတို့ကြောင့် အင်္ဂလန်၌ အဝလွန်ခြင်းသည် ကာလရှည်ဖြေရှင်းရမည့် အများပြည်သူကျန်းမာရေးပြဿနာဖြစ်နေပြီဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။

စတိုးဆိုင်များ၊ စျေးဝယ်စင်တာ ငွေရှင်းကောင်တာများနှင့် ဆိုင်ဝင်ပေါက်များတွင် ကျန်းမာရေးနှင့် မညီသော အစားအသောက်များ အရောင်းမြှင့်တင်မှုကို ကန့်သတ်မည်ဖြစ်သည်။

ကျန်းမာရေးကို အထောက်အကူပြုသည့် ရွေးချယ်မှုသည်သာ အလွယ်ကူဆုံး ရွေးချယ်မှုဖြစ်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဂျို ချာချေက ပြောဆိုခဲ့သည်။

သွားရေစာများကို တစ်ခုဝယ် တစ်ခုရ အစီအစဉ်အား ကန့်သတ်ရန် ဗြိတိန်အစိုးရက ဇူလိုင်တွင် စတင်အဆိုပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ည ၉ နာရီမတိုင်မီတွင် ရုပ်သံနှင့် အွန်လိုင်းတို့၌ သွားရေစာကြော်ငြာမှုပိတ်ပင်ရန် အစီအစဉ်များကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးနှင့်မညီသော အစားအစာများကြော်ငြာမှုကို လုံးဝပိတ်ပင်ရန် အစိုးရက လွန်ခဲ့သောလတွင် အဆိုပြုခဲ့သည်။

အဝလွန်ခြင်းကြောင့် COVID-19 ဖြင့် သေဆုံးနိုင်ခြေများကြောင်း ကျန်းမာရေးဝန်ထမ်းများက သတိပေးခဲ့ပြီးဖြစ်သည်။

ကိုယ်အလေးချိန်လျှော့နေပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်က COVID-19 ကူူးစက်ခံရပြီး ဆေးရုံတင်ကုသမှုခံယူခဲ့ပြီးနောက် ပြောဆိုခဲ့သည်။