တောင်အာဖရိက၌ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိ

တောင်အာဖရိက၌ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိ

တောင်အာဖရိကနိုင်ငံ၌ COVID-19 ကူးစက်သူ တစ်သန်းကျော်ရှိနေပြီဖြစ်သောကြောင့် သမ္မတ ဆရီး ရာမာဖိုဆာဦးဆောင်သော အစိုးရသည် ကူးစက်မှုထိန်းချုပ်ရေးအတွက် ကူးသန်းသွားလာမှုပိတ်ပင်ချက်များကို ပြန်လည်ချမှတ်ရန် စီစဉ်နေပြီဖြစ်သည်။

တောင်အာဖရိက၌ အဓိကပျံ့နှံ့နေသည့် မျိုးဗီဇပြောင်း ဗိုင်းရပ်စ် 501.V2 သည် ပိုမိုကူးစက်မြန်ပြီး မကြာသေးမီရက်များအတွင်း ရှိခဲ့သည့် ကူးစက်မှုနှုန်းမြင့်မားသော ဒေသများတွင် အဓိကပျံ့နှံ့နေခြင်းဖြစ်ကြောင်း ပညာရှင်များကပြောဆိုခဲ့သည်။

မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသော်လည်း တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းတပ်ခြင်းတို့ကဲ့သို့ စည်းမျဉ်းများကို တိကျစွာလိုက်နာမည်ဆိုပါက စိုးရိမ်စရာမရှိကြောင်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာ ရစ်ချတ် လက်ဆယ်စ်ကပြောဆိုခဲ့သည်။

လူဦးရေ သန်း ၆၀ ရှိသော တောင်အာဖရိက၌ ဒီဇင်ဘာ ၂၇ ရက်အထိ COVID-19 ကူးစက်သူစုစုပေါင်း ၁၀၀၄၄၃၁ ဦးနှင့် သေဆုံးသူ ၂၆၇၃၅ ဦးရှိနေပြီဖြစ်သည်။

ကူးစက်သူတစ်သန်းပြည့်သွားခြင်းသည် အလေးအနက်ထားရမည့် မိုင်တိုင်တစ်ခုဖြစ်သော်လည်း တကယ်တမ်းကူးစက်သူနှင့် သေဆုံးသူဦးရေသည် ထုတ်ပြန်သည့် ဦးရေထက်ပိုမိုများပြားနိုင်ကြောင်း လက်ဆယ်စ်ကပြောဆိုခဲ့သည်။

ကမ်းရိုးတန်းခရိုင်များဖြစ်သည့် အနောက်ကေ့ပ်၊ အရှေ့ကေ့ပ်နှင့် ကွာဇူးလူူးနေတယ်တို့၌ မျိုးဗီဇပြောင်းဗိုင်းရပ်စ် အဓိကပျံ့နှံ့နေသည်။ နိုင်ငံတွင်း လူဦးရေအထူထပ်ဆုံးဖြစ်သလို ဂျိုဟန်နစ္စဘတ်လည်းတည်ရှိသည့် ဂေါက်တန်ခရိုင်၌ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပျံ့နှံ့နေခြင်းရှိမရှိ မသိရသေးချေ။

အားလပ်ရက်တွင် ကမ်းရိုးတန်းဒေသများသို့ ခရီးထွက်သူများ နေရပ်ပြန်လာသည့်အခါ ၎င်းတို့နှင့်အတူ အဆိုပါဗိုင်းရပ်စ်ပါလာနိုင်သည်ကို ကြိုတင်ခန့်မှန်းထားနိုင်ကြောင်း လက်ဆယ်စ်ကပြောဆိုခဲ့သည်။

တောင်အာဖရိကသို့ COVID-19 ကာကွယ်ဆေးမရောက်ရှိသေးသော်လည်း သမ္မတရာမာဖိုဆာကမူ ၂၀၂၁ ခုနှစ် ပထမဆုံးလများတွင် လူဦးရေ သန်း ၆၀ အနက် ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုထားသည်။