လာမည့် ၂ဝ၂၁ ခုနှစ်တွင်လူထုကို ဆွဲဆောင်နိုင်သော ကျန်းမာရေးအာမခံ၊ ခရီးသွားအာမခံများနှင့်အတူအာမခံ အမျိုးအစား အသစ်များကိုမိတ်ဆက် ရောင်းချမည်ဟု မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးကပြောသည်။
''ကိုဗစ်ရောဂါလည်းရှိသေးတော့လူစုလူဝေး လုပ်လို့ မရသေးတာကြောင့်ကျွန်မတို့ကတော့ အခြေအနေကြည့်ပြီးတော့ လုပ်လို့ရသမျှလုပ်မယ်။ အာမခံ product အသစ်တွေကို ကြိုတင်ဒီဇိုင်းရေးဆွဲတာတွေ ပြုလုပ်ထားတယ်။ခရီးသွားအာမခံလို ရပ်သွားတဲ့ဟာတွေကို အရှိန်မြှင့်ရမယ်။ လူထုကိုဆွဲဆောင်နိုင်တဲ့ product တွေလုပ်မယ်''ဟု ၎င်းက ပြောသည်။
ကိုဗစ်ကပ်ရောဂါကြောင့်ရပ်ဆိုင်းသွားသည့် ခရီးသွားနှင့် ပတ်သက်သောခရီးသွား အာမခံအမျိုးမျိုး၊ ကျန်းမာရေး အာမခံများ၊ အသက်အာမခံအစရှိသည့် ကပ်ရောဂါ ကာလအတွင်းလူအများ စိတ်ဝင်စားမှု များသောအာမခံများအပြင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းရပ်ဆိုင်းသွားပါက အကာအကွယ်ပေးသည့် အာမခံများကို မိတ်ဆက်သွားရန်အာမခံကုမ္ပဏီများက ပြင်ဆင်မှုများစတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။
ထို့ပြင် လာမည့်နှစ်တွင် အာမခံအကာအကွယ်များကို ပြည်သူလူထုအနေဖြင့် ပြည့်ပြည့်စုံစုံရရှိအောင်ဆောင်ရွက်ခြင်း၊ ကိုဗစ်ကဲ့သို့သောအန္တရာယ်များ နောက်ပိုင်းတွင် ဖြစ်ပေါ်လာပါက ဆုံးရှုံးမှုများကို အကာအကွယ်ပေးရန် ပြင်ဆင်နေကြောင်းသိရသည်။
လက်ရှိတွင် ကျန်းမာရေးအာမခံတစ်ယူနစ်လျှင် ကျပ် ၁ဝ,ဝဝဝ နှုန်းဖြင့်ရောင်းချပေးလျက်ရှိပြီး မိမိပိုင်ပစ္စည်းများကို အာမခံထားမည်ဆိုပါကအဆောက်အအုံ တန်းဖိုး၏ သုညဒသမ ၂ ရာခိုင်နှုန်းဖြင့်ထားနိုင်သည်။
၂ဝ၂ဝ-၂၁ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိမြန်မာနိုင်ငံရှိ အာမခံ ကုမ္ပဏီ ၂၄ခုက မတည်ရင်းနှီးငွေ ပမာဏ အမေရိကန်ဒေါ်လာ ၁၅၂ ဒသမ ၁၁၇မီလီယံနှင့် မြန်မာကျပ် ၆၇ ဒသမ ၃၁၇ဘီလီယံ ဖြင့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

















