ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အတွင်း တရားမဲ့ပြုကျင့်မှုများနှင့် ပတ်သတ်၍ ကန့်ကွက်လွှာ ၂၀၀ နီးပါး တင်သွင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( ပြည်ခိုင်ဖြိုးပါတီ-USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။
၎င်းက “ကျွန်မတို့ ၂၀၀ နီးပါတော့ရှိမယ်ရှင့်။ ကျွန်မတို့ USDP ဘက်ကနေပြီးတော့ ကန့်ကွက်လွှာတင်သွင်းတဲ့အမှု ပေါင်း ၂၀၀ နီးပါးပေါ့နော်။ ၂၀၀ တော့မကျော်ပါဘူး။ NLD ကိုပဲ အများဆုံးဖြစ်ပါတယ် အခြားပါတီတောင် မရှိသလောက် ပါပဲ “ ဟုပြောသည်။
ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးအတွင်း ဖြစ်ပျက်ခဲ့သည့် တရားမဲ့ပြုကျင့် မှုများကို အဓိကထားကန့်ကွက်သွား မည်ဖြစ်ပြီး တစ်ချို့ နေရာများတွင် တရားမဲ့ပြုကျင့်မှုများရှိခဲ့ သော်လည်း သက်သေ လုံလောက်မှုမရှိသည့်အတွက် ကန့်ကွက်လွှာ မတင်ရတာမျိုးလည်း ရှိကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။
၎င်းက “ပြည်ထောင်စုနယ်မြေပါမယ်။ ရန်ကုန်တိုင်း အတွင်းမှာလည်း ရှိတယ်။ နောက် မန္တလေးတိုင်းဒေသကြီး ဒီဘက်တွေ မှာအများဆုံးရှိတယ်။ နောက်တိုင်းရင်းသားဒေသတွေမှာမရှိဘူး ဖြစ်စဉ်တွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်တဲ့အတွက် တချို့တွေကျတော့လည်း ဖြစ်စဉ် ဖြစ်ပျက်ခဲ့ပေမယ့် တကယ့်တကယ်မှာ Evidence တွေရ ယူရတဲ့နေရာမှာ အခက်အခဲရှိတဲ့ နေရာတွေလည်းရှိတယ်။ ဖြစ်စဉ်ရှိတိုင်း Evidence မတင်နိုင် တဲ့အခါတွေမှာ ကန့် ကွက်လွှာတင်ဖို့ အခက်အခဲရှိတယ်။ အဲ့လိုဟာမျိုးတွေကျတော့ ကန့်ကွက်လွှာမတင်ဘူးပေါ့။ နေရာတိုင်းမှာ တော့ ဖြစ်စဉ်တွေက ဖြစ်ခဲ့တာပဲ “ ဟုပြောသည်။
ကိုယ်စားလှယ်လောင်းများအနေဖြင့် တရားမဲ့ပြုကျင့်မှုများတွင် ပါဝင်သည့်အချက်များ နှင့် ငြိစွန်းသည့်အတွက် ယခုကဲ့သို့ ကန့်ကွက်လွှာများ တင်သွင်းရ ခြင်းဖြစ်ကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယခုတင်သွင်းသည့် ကန့်ကွက်လွှာများနှင့် ပတ်သတ်၍ သက်သေများ ခိုင်မာစွာတင် ပြ နိုင်ရေး ဆောင်ရွက်ထားပြီး သက်သေများ ပြည့်စုံ လုံလောက်စွာတင်သွင်းနိုင်သည့် မဲဆန္ဒနယ်များတွင် ပြန်လည် အနိုင်ရရှိနိုင်ကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။
၎င်းက “ ဖြစ်စဉ်ဖြစ်ခဲ့တာမှန်ပေမယ့် သက်သေထွက်ဆို ပေးမယ့်လူတွေ အထောက်အထားပေါ့နော် အထောက်အထား Evidence က မပါရင် ကန့်ကွက်လွှာက ခုံရုံးပေါ်မှာ Burden of Proof မှာအားနည်းလို့ရှိရင် ရှုံးမှာပေါ့နော်။ ဒီလိုပါပဲ ခုံရုံးမှာ တင်ထားတဲ့ အမှု ၂၀၀နီးပါး လို့ပြောပေမယ့်လည်း ဘယ်လောက်ထိ ခိုင်မာနိုင်မလဲ ဆိုတော့ သက်သေပြရန် တာဝန် ကျေပွန် တဲ့ဘက် က အမှုနိုင်ဖို့ ရှိပါတယ်” ဟုပြောသည်။
ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယခုကဲ့သို့ ကန့်ကွက်လွှာများ တင်သွင်းရခြင်း သည့် အရှုံးအပေါ်လက်မခံနိုင်သည့်အတွက် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း ဆိုးရွားစွာဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် အမှန်တရားကို ရှာဖွေခြင်းဖြစ်သည်ဟုဆိုသည်။
ဒေါ်ယဉ်မင်းမြင့်ဆွေက “ ကျွန်မတို့သည် အရှုံးကိုလက်ခံတယ်။ ဒီရှုံးခြင်းနိုင်ခြင်းဟာ ပြိုင်ပွဲတစ်ခုမှာ အရှုံးနဲ့ အနိုင် ၂ ခုပဲရှိတယ်။ သို့သော်လည်း ရှုံးခြင်းသည်လည်း တရားမျှတသောရှုံးခြင်း အဖြစ်လက်ခံဖို့ အတွက်ကို မတရားသဖြင့် ရှိခဲ့တဲ့အချက်တွေကို ဖော်ထုတ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟုပြောသည်။
ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ အပေါ် ကန့်ကွက်လွှာများတင်သွင်းခဲ့သော်လည်း တစ်မှုမှ အနိုင်ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

















