ကိုဗစ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုအနေဖြင့် Face Shield များ အခမဲ့ဝေမည်

ကိုဗစ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုအနေဖြင့် Face Shield များ အခမဲ့ဝေမည်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအမံဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ကိုဗစ်ကာလ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေး လူထုအသိပညာပေးလှုပ်ရှားမှုအနေဖြင့် ၎င်းတို့ လက်အောက်ရှိ ဈေးတချို့၌  မျက်နှာအကာ ( Face Shield ) များအခမဲ့ပေးဝေးသွားမည်ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ဆန်းမြင့် ကပြောသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့တွင် နန်းတော်ရှေ့ဈေးနှင့် ညောင်ပင်ဈေးတွင်လည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ချမ်းအေးစည်သာဈေးနှင့် မန်းမြို့ ဈေးများတွင် မျက်နှာအကာ ( Face Shield ) များအခမဲ့ဝေးသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် မျက်နှာအကာ ( Face Shield ) အခုပေါင်း ၅၀၀ ကျော်ပေးဝေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ စည်ပင်သာယာရေး ကော်မတီအောက်မှာ ရှိတဲ့ ဈေးတွေမှာ အစိုးရရဲ့ အစီအမံနဲ့ လူထုအသိပညာပေးလှုပ်ရှားမှုအနေနဲ့ လုပ်တာပေါ့။ မျက်နှာအကာတွေကို အခမဲ့ဝေပေးမယ်။ အခုဈေးတွေကမှာက နှာခေါင်းစည်းတွေ မျက်နှာအကာတွေ တော့တပ်ကြပါတယ်။ ဒါပေမယ့် လူတွေပိုပြီး အခုထက် ကိုဗစ်ကာကွယ်ရေးကို အသိပညာရအောင် ရည်ရွယ်လုပ်တာပါ ” ဟု ဦးကျော်ဆန်းမြင့်ကပြောသည်။

မျက်နှာအကာ ( Face Shield ) အခမဲ့ဝေခြင်းများကို မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တိုင်းကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီက ကိုဗစ်ကာလ ဈေးများတွင် နှာခေါင်းစည်းမတပ်သည့် ဈေးသည်နှင့် ဈေးဝယ်များအား ပြီးခဲ့သည့် မေလမှ စတင်ကာ ဈေးသည်များအား ဆိုင်ဖွင့်ခွင့် ယာယီပိတ်ပင်ခြင်းဖြင့်လည်းကောင်း၊ ဈေးဝယ်များအား သတ်မှတ်နှုန်းထားများဖြင့် နှာခေါင်းစည်း ဝယ်တပ်စေခြင်းဖြင့်လည်းကောင်း အရေးယူမှုဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုလ ၂၇ ရက်နေ့အထိ နှာခေါင်းစည်းမတပ်သည့် ဈေးသည်ပေါင်း ၁၆၈၄ ဦး ဈေးဝယ်သူ ၁၂၁၇ ဦး စုစုပေါင်း ၂၉၀၁ ဦးကို အရေးယူထားကြောင်း ဈေးသည်များအား  နှာခေါင်းစည်းမတပ်သဖြင့် ပထမအကြိမ် ၃ ရက် ဈေးရောင်းချခွင့် ယာယီပိတ်သိမ်းခဲ့သူ ၂၂၆ ဦးရှိပြီး  ဒုတိယ အကြိမ်အဖြစ် ၇ ရက်ပိတ်ခံရသူ ၁၁ ဦးရှိကြောင်း ဦးကျော်ဆန်းမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်