အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီထံသို့ အကြောင်းပြန်ထားသည့် တိုင်းရင်းသားပါတီ၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးမည့်အခြေအနေများနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်တွင်ပြုလုပ်မည့် ပါတီဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီးတွင်ဆွေးနွေးပြီးအတည်ပြုချက်များထွက်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။
NLD ပါတီ၏ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်က တိုင်းရင်းသားပါတီ ၄၈ ခုထံပေးပို့ခဲ့သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အိတ်ဖွင့်ပေးစာကိုအကြောင်းပြန်ကြားခဲ့သည့်ပါတီ ၁၂ ခုရှိခဲ့ပြီးယင်းပါတီများနှင့် ဇန်နဝါရီလအတွင်းဆွေးနွေးမည်ဖြစ်ကြောင်း ကနဦးပြောဆိုထားခြင်းဖြစ်သည်။ ယင်းသို့ဆွေးနွေးနိုင်ရန် ဒီဇင်ဘာ ၁၂ ရက်ကေ နေပြည်တော်၌ပြုလုပ်ခဲ့သည့် NLD ပါတီ၏ CEC အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်တို့ပါဝင်သည့် အလုပ်အဖွဲ့ကိုဖွဲ့စည်းပေးခဲ့သည်။
''အဲဒါလေ မနက်ဖန်(ဒီဇင်ဘာ၂၉ရက်)CEC အစည်းအဝေးရှိတယ်။ နေပြည်တော်မှာပဲလုပ်မယ်။ အဲဒါပြီးမှ ဒီကိစ္စက ဆွေးနွေးမယ့်ရက်ထွက်လာမယ်။ ထွက်လာမယ်လို့ယူဆတယ်''ဟု အဆိုပါအဖွဲ့ဝင်ဦးအင်ထုံးခါးနော်ဆမ်က မြန်မာတိုင်းမ်သို့ ပြောသည်။လတ်တလော ဆွေးနွေးမည့်ရက်ကိုသတ်မှတ်ထားနိုင်ခြင်းမရှိသေးဘဲ အစည်းအဝေးပြီးမှသာ အတည်ပြုထွက်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။
''အခု လတ်တလောတော့ ရက်မရွေးရသေးဘူး။ ဟိုတလောကတော့ ကျွန်တော်တို့ ဖွဲ့တော့ဖွဲ့လိုက်တာပေါ့နော်။ အခုက CEC ပြန်ခေါ်ပြီးတော့မှ ဘယ်လိုပုံစံနဲ့ဆွေးနွေးမယ်ဆိုတဲ့ဟာတော့ ပေါ်လာမယ်ထင်တယ်။ ဘယ်ဘက်ကို အရင်ဆုံးသွားမလဲဆိုတာတွေလေ။ ၉ ရက်နေ့လောက်ထွက်လာမယ်ထင်တယ်''ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအင်ထုံးခါးနော်ဆမ်ကပြောသည်။အဆိုပါတိုင်းရင်းသားများနှင့်ဆွေးနွေးမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုထံသို့မြန်မာတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။
NLD ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမျိုးညွန့်က ''ဇန်နဝါရီလထဲ စဆွေးနွေးမယ်လို့ ဆရာ(ဒေါက်တာအောင်မိုးညို) ပြောတာတော့ကြားလိုက်တာပဲဗျ။ အစီအစဉ်ကတော့ သူတို့မှပဲသိမယ်။ ကျွန်တော်တို့ကတော့ မသိတော့ဘူး။ သူတို့ပဲဆက်လက်လုပ်ဆောင်မယ်''ဟု ပြောသည်။
NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရာတွင် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများ၏ပြောဆိုမှုများအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့နောက် ဆွေးနွေးညှိနှိုင်းမှုများကို ပါတီ CECအဖွဲ့ထံပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

















