ကိုဗစ်ကြောင့် ပိတ်သိမ်းထားရသောစားသောက်ဆိုင်လုပ်ငန်းများ ဖွင့်လှစ်ခွင့်ရရှိရန် ပြည်ထောင်စုအစိုးရအဖွဲ့၊ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနေလင်းက ပြောသည်။
''ပါဆယ်ပဲ ရောင်းခွင့်ရှိတော့တချို့လည်းမရောင်းရဘူး။ ဒီအချိန်မှာအခြားသောဆိုင်ခန်းငှားခတွေ၊ ဝန်ထမ်းခတွေပေးဆောင်နေရတယ် ဆိုတော့အခြေအနေမကောင်းဘူး။ ဆိုင်ခွဲ ငါးဆိုင်လောက်ရှိရင် နှစ်ဆိုင်လောက်ပဲရောင်းရပြီးတော့ သုံးဆိုင်လောက်ကပိတ်သွားပြီ''ဟု လက်ရှိအခြေအနေကို ၎င်းကပြောသည်။
ယခုအတိုင်း ဆက်လက်သွားနေမည်ဆိုလျှင်အသင်း၏ စစ်တမ်းအရနှစ်လနှင့်သုံးလအတွင်း၌ စားသောက်ဆိုင်လုပ်ငန်းများ ၃ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ပိတ်သိမ်းသွားရန်ရှိနေကြောင်း၊ အဆိုပါအခြေအနေများကိုထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်း၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းကစားသောက်ဆိုင်များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်ကိစ္စရပ်များ၊ အခွန်အခကိစ္စများ (ယစ်မျိုးလိုင်စင်)၊ ငှားရမ်းခကိစ္စများနှင့် ဖွင့်လှစ်ခွင့်ရရှိသောအချိန်တွင်စားသောက်ဆိုင်များ လိုက်နာရမည့် SOP စံနှုန်းများကိုစနစ်တကျဖြစ်စေရန်အချက်များနှင့် ပတ်သက်ပြီးရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ဆွေးနွေးတင်ပြခဲ့သော်လည်း ယခုအချိန်ထိထူးခြားမှု မရှိသေးကြောင်းသိရသည်။ရန်ကုန်တိုင်းအစိုးရက အထွေထွေအုပ်ချုပ်ရေးအဖွဲ့သို့ ယစ်မျိုးလိုင်စင်ခွန်နှင့်ပတ်သက်ပြီး အသင်း၏ တင်ပြစာကိုသဘောထား တောင်းခံထားသော်လည်း ယနေ့အထိအကြောင်းပြန်စာပြန်မရသေးကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဆိုသည်။
''နောက်ပြီး ဆိုင်တွေပြန်ဖွင့်ဖို့ကိစ္စကလည်း ဘာမှထူးခြားမှုမရှိသေးပါဘူး။ကိုဗစ်ကပြီးဖို့လဲ မဖြစ်နိုင်သေးဘူး။ကာကွယ်ဆေးလည်း ကျွန်တော်တို့ဆီရောက်ဖို့လိုသေးတယ်။ ဒါကြောင့်အခုတိုင်းဆက်သွားရင် စီးပွားရေးကကျသွားမှာ။ အဲ့ဒီတော့ကိုဗစ်နဲ့အတူစည်းကမ်းတကျ ယှဉ်တွဲပြီး ဖွင့်သွားဖို့တင်ပြမှာပါ''ဟု စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်သူ ဦးနေလင်းက ပြောသည်။
လက်ရှိတွင် ပိတ်ထားသည့်ဆိုင်များရှိသော်လည်း ခိုးဖွင့်သည့်ဆိုင်များလည်းရှိနေသောကြောင့် မထူးခြားသည့်အခြေအနေဖြစ်လျက်ရှိရာ အစိုးရကသေချာစစ်ဆေးပြီး အားလုံးကိုတပြေးညီဖွင့်ခွင့်ပေးကာ အရေးယူသင့်သည့်များကိုအရေးယူဆောင်ရွက်မည်ဆိုပါကရောဂါကူးစက်မှုနှုန်းကိုထိန်းချုပ်နိုင်မည်ဟုလုပ်ငန်းရှင်များကသုံးသပ်ထားသည်။
















