ဆော်ဒီအာရေဗျ၌ နာမည်အကျော်ကြားဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် လိုဂျိန်း အယ်လ်-ဟာသလိုသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေချိုးဖောက်မှုဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် ထောင်ဒဏ် ခြောက်နှစ်ခန့် ချမှတ်ခံခဲ့ရသည်။
လိုဂျိန်း အယ်လ်-ဟာသလိုသည် အချုပ်ဖြင့် နှစ်များစွာနေထိုင်ခဲ့ရပြီး တိုက်ပိတ်ချုပ်နှောင်မှုများစွာနှင့်လည်း ကြုံခဲ့ရပြီးဖြစ်သည်။ အချုပ်ကျသည့် ရက်များကို အခြေခံကာ ရေတွက်မည်ဆိုပါက အယ်လ်-ဟာသလိုသည် ၂၀၂၁ ခုနှစ် မတ်တွင် ပြန်လည်လွတ်မြောက်နိုင်ခြေရှိနေကြောင်း ဆော်ဒီရှိ နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသည့် ယုံကြည်ချက်အကျဉ်းသားများ အမည်ရှိ အဖွဲ့ကပြောဆိုခဲ့သည်။
အယ်လ်-ဟာသလိုသည် ၂၀၁၈ ခုနှစ် မေကတည်း ချုပ်နှောင်ခံခဲ့ရခြင်းဖြစ်သည်။
အယ်လ်- ဟာသလိုသည် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာလျှင်လည်း နိုင်ငံတွင်းမှ ထွက်ခွာခွင့် ငါးနှစ်ပိတ်ပင်ခံရမည်ဖြစ်ပြီး တရားရုံးသို့ သုံးနှစ်ခန့် ပုံမှန်သွားရောက် အစီရင်ခံရလိမ့်မည်ဖြစ်ကြောင်း ၎င်း၏မိသားစုက ထုတ်ပြန်ခဲ့သည်။
အယ်လ်-ဟာသလိုအား ထောင်ဒဏ်ချမှတ်ခြင်းသည် မမျှတသလို ပြဿနာလည်းရှိနေကြောင်း ဇန်နဝါရီအကုန်ပိုင်းတွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် ဂျိုးဘိုင်ဒင်က အမျိုးသားလုံခြံုရေးအကြံပေးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဂျိတ် ဆူလီဗန်ကပြောဆိုခဲ့သည်။
ဘိုင်ဒင်သည် အမေရိကန်နှင့် ဆော်ဒီဆက်ဆံရေးကို ပြန်လည်သုံးသပ်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ပိုမိုအလေးထားစဉ်းစားမည်ဖြစ်ကြောင်း ကြွေးကြော်ထားသည်။
ဆော်ဒီအစိုးရက အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများအား ဖိနှိပ်ခြင်းအပါအဝင် ဆိုးရွားသော လုပ်ဆောင်မှုများကျူးလွန်နေခြင်းကို မသိကျိုးကျွံပြုထားသည့် သမ္မတဒေါ်နယ်ထရမ့်အစိုး၏ မူဝါဒများကိုလည်း ရုပ်သိမ်းမည်ဖြစ်ကြောင်း ဘိုင်ဒင်ကပြောဆိုခဲ့သည်။
ပြုပြင်ပြောင်းလဲမှုဖော်ဆော်ရန် လှုံ့ဆော်မှု၊ နိုင်ငံခြားအစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှု၊ အများပြည်သူတည်ငြိမ်မှုပျက်စေရန် အင်တာနက်မှတစ်ဆင့် ကြိုးပမ်းမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အယ်လ်-ဟာသလိုအား ဆော်ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးတရားရုံးက ထောင်ဒဏ် ငါးနှစ်နှင့် ရှစ်လချမှတ်ခဲ့သည်။
အသက် ၃၁ နှစ်အရွယ် အယ်လ်-ဟာသလိုသည် ပြစ်ဒဏ်ကို ရက် ၃၀ အတွင်း အယူခံဝင်ရမည်ဖြစ်သည်။

















