ရုရှားထုတ် COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ ၆၀၀၀ ဟန်ဂေရီ ရရှိ

ရုရှားထုတ် COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ ၆၀၀၀ ဟန်ဂေရီ ရရှိ

ရုရှားထုတ် COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ ၆၀၀၀ ရရှိခဲ့ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာ ဇစ်ဂျာတိုက ဒီဇင်ဘာ ၂၈ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားခဲ့သည်။

ရုရှားထုတ် COVID-19 ကာကွယ်ဆေးအသုံးပြုမှုနှင့်ပတ်သက်၍ ဟန်ဂေရီဆေးပညာရှင်များက သုံးသပ်မည်ဖြစ်ကြောင်း ပီတာ ဇစ်ဂျာတိုကပြောဆိုခဲ့သည်။

ရုရှားမှ ပေးပို့လိုက်သော ကာကွယ်ဆေးများကို အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့မည်ဖြစ်ကာ ဌာနရှိ ပညာရှင်များက ဆက်လက်သုံးသပ်လိမ့်မည်ဖြစ်ကြောင်း ဇစ်ဂျာတိုကပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂစည်းမျဉ်းများအရ ရုရှားထုတ် Sputnik V ကာကွယ်ဆေးကို အဖွဲ့ဝင် ၂၇ နိုင်ငံရှိ စျေးကွက်၌ မဖြန့်ချိမိတွင် ဥရောပဆေးဝါးဌာန၏ ခွင့်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်သည်။

ဟန်ဂေရီသည် ရုရှားလုပ်ကာကွယ်ဆေးကို စမ်းသပ်ပြီး ထိုးနှံရန် စီစဉ်ခြင်းသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအတွက် ထူးခြားသော လုပ်ရပ်ဖြစ်ပြီး ဥရောသမဂ္ဂအုပ်ချုပ်ရေးအဖွဲ့နှင့် ထိပ်တိုက်ဆုံမှုရှိလာမည်ဖြစ်သည်။

Sputnik V ထုတ်လုပ်မှုဖြစ်စဉ်နှင့် ဓာတ်ခွဲခန်းတွင်း စမ်းသပ်မှုများကို ဟန်ဂေရီဆရာဝန်များနှင့် ဆေးဝါးကျွမ်းကျင်သူများအား ကြည့်ရှုခွင့်ပေးရန် ရုရှားနှင့် ဟန်ဂေရီတို့သည် လွန်ခဲ့သောလတွင် သဘောတူညီမှုရရှိခဲ့သည်။

ဟန်ဂေရီ၌ ဒီဇင်ဘာ ၂၇ ရက်မှစ၍ ကျန်းမာရေးဝန်ထမ်းများအား Pfizer-BioNTech ထုတ် ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်သည်။ အနောက်တိုင်းမှဖြစ်စေ၊ အရှေ့တိုင်းမှဖြစ်စေ အောင်မြင်သော ကာကွယ်ဆေးများကို လက်ခံရန် အစိုးရက စီစဉ်ထားကြောင်း ဇစ်ဂျာတိုကပြောဆိုခဲ့သည်။