ရုရှားအစိုးရအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်ညီအနေဖြင့် ဂျာမနီမှ ချက်ချင်းပြန်လာပြီး ဇန်နဝါရီ ၂၉ ရက်အစောပိုင်းတွင် မော်စကိုရှိ အစိုးရုံးသို့ လာရောက်အစီရင်ခံခြင်းမရှိပါက မိခင်နိုင်ငံသို့ ပြန်ရောက်သည်နှင့် ထိန်းသိမ်းခံရမည်ဖြစ်ကြောင်း ရုရှားအကျဉ်းဦးစီးဌာနက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သြဂုတ်တွင် ဆိုက်ဘေးရီးယားသို့ လေယာဉ်ခရီးစဉ်အတွင်း နာဗယ်ညီသည် အဆိပ်မိလဲကျခဲ့သောကြောင့် ၎င်းကို ဂျာမနီသို့ လေယာဉ်ဖြင့် ပို့ဆောင်ကာ ကုသမှုများပြုလုပ်ခဲ့ရသည်။ နာဗယ်ညီသည် နိုဗီချော့အာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း ဂျာမနီနှင့် အနောက်နိုင်ငံအစိုးရများက ယူဆထားသည်။
နာဗယ်ညီ အဆိပ်ခတ်ခံခဲ့ရခြင်းမဟုတ်သလို ယင်းဖြစ်ရပ်တွင် ၎င်းတို့ပါဝင်ခြင်းမရှိကြောင်း ရုရှားအစိုးရက ရှင်းလင်းပြောဆိုခဲ့သည်။
နာဗယ်ညီသည် ၂၀၁၄ ခုနှစ်မှစ၍ ကျခံနေရပြီး ယာယီဆိုင်းငံ့ခံထားရသည့် ထောင်ဒဏ်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်နေကြောင်း ရုရှားအကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
နာဗယ်ညီသည် စက်တင်ဘာ ၂၀ ရက်တွင် ဘာလင်ရှိ ဆေးရုံမှဆင်းခဲ့ရပြီး နေထိုင်မကောင်းဖြစ်မှုနှင့် ဆက်စပ်သော လက္ခဏာအားလုံးသည် အောက်တိုဘာ ၁၂ ရက်နောက်ပိုင်းမှစ၍ မပြတော့ကြောင်း အကျဉ်းဦးစီးဌာနက The Lancet ဆေးပညာဂျာနယ်ပါ နာဗယ်ညီအား ကုသမှုနှင့်ပတ်သက်သော စာတမ်းကို ကိုးကားဖော်ပြခဲ့သည်။
ယင်းကြောင့် ပြစ်ဒဏ်ကျခံထားရသည့် နာဗယ်ညီသည် တရားရုံးက ညွှန်ကြားထားမှုများကို ချိုးဖောက်နေကာ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုဌာန၏ကြီးကြပ်မှုများမှ ရှောင်ရှားနေကြောင်း ဌာနက ထုတ်ပြန်ခဲ့သည်။
နာဗယ်ညီသည် ခိုးမှုတစ်ခုဖြင့် ထောင်ဒဏ် သုံးနှစ်ခွဲချမှတ်ခံထားရပြီး ပြစ်ဒဏ်ကျခံရခြင်းမှ ဆိုင်းငံ့ခံထားရသည်။ နာဗယ်ညီ၏ ခံဝန်ဖြင့် လွတ်မြောက်မှုကာလသည် ဒီဇင်ဘာ ၃၀ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
နာဗယ်ညီသည် အဆိပ်မိပြီးနောက် နာလန်ထရန် အချိန်ယူနေရပြီး ရာဇသံပေးထားသည့် အချိန်အတိုင်း ရောက်ရှိရန် မဖြစ်နိုင်ကြောင်း နာဗယ်ညီ၏ ပြောခွင့်ရှိသူ ကီရာ ယန်းရှ်ကပြောဆိုခဲ့သည်။

















