သက်သာချောင်ချိရေး ထောက်ပံ့ငွေ ဒေါ်လာ ၂၀၀၀ ထုတ်ပေးရန် ထရမ့် တောင်းဆိုမှု အောက်လွှတ်တော်အတည်ပြု

သက်သာချောင်ချိရေး ထောက်ပံ့ငွေ ဒေါ်လာ ၂၀၀၀ ထုတ်ပေးရန် ထရမ့် တောင်းဆိုမှု အောက်လွှတ်တော်အတည်ပြု

COVID-19 ကြောင့် စီးပွားရေးထိခိုက်သည့် နိုင်ငံသားများအား ဒေါ်လာ ၂၀၀၀ ထောက်ပံ့ကြေးပေးရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုထားမှုနှင့်ပတ်သက်၍ ဒီမိုကရက်တစ်အမတ်များ လွှမ်းမိုးထားသည့် အမေရိကန်အောက်လွှတ်တော်တွင်း ဒီဇင်ဘာ ၂၈ ရက်တွင်  မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၇၅ မဲ၊ ကန့်ကွက်မဲ ၁၃၄ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ 

ထရမ့်၏တောင်းဆိုမှုနှင့်ပတ်သက်သော အဆိုကို အထက်လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုမှ သက်သာခွင့်ထောက်ပံ့ရေး ဆိုင်ရာဥပဒေမူကြမ်းတွင် ရီပတ်ဘလီကန်အမတ်များနှင့် ဒီမိုကရက်တစ်လွှတ် တော်အမတ်များအကြား သဘောတူညီခဲ့ကြသည်မှာ ဒေါ်လာ ၆၀၀ ဖြစ်ခဲ့ ခြင်းကြောင့် အရှက်ရစရာဖြစ်ရသည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီး ယင်း ဥပဒေမူကြမ်းကို လက်မှတ်မထိုးဘဲနေမည်ဟု ခြိမ်းခြောက်ခဲ့သည်။

သို့သော် ဒီဇင်ဘာ ၂၇ ရက်တွင် သမ္မတထရမ့်က ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးပေးခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာ သည် အလုပ်လက်မဲ့ခံစားခွင့်များ ပြန်လည်ရရှိတော့မည်ဖြစ်သည်။

ထို့ပြင် ယခုအတည်ပြုမှုသည် ရီပတ်ဘလီကန်သမ္မတထရမ့်၏ တောင်းဆိုချက်ကို ဒီမိုကရက်တစ်အမတ်များက ဦးဆောင်ကာ အတည်ပြုပေးခဲ့သော ရှားပါးလှ သည့် ဖြစ်ရပ်ဖြစ်သည်။

သို့သော် ဒေါ်လာ ဘီလီယံ ၇၄၀ တန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းကို ထရမ့်က ဗီတိုအာဏာသုံးပြီး ပယ်ချမှုအား ဖျက်သိမ်းနိုင်ရေး အောက်လွှတ်တော်သည် မဲခွဲဆုံးဖြတ်ခဲ့သည်။

ယခုမဲခွဲဆုံးဖြတ်မှုသည် သမ္မတထရမ့်၏ဗီတိုအာဏာသုံးပယ်ချမှုကို  ဖျက်သိမ်းနိုင်ရေး ပထမဆုံး လုပ်ဆောင်ချက်လည်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဂျိုးဘိုင်ဒင်က၏ ၎င်း၏အာဏာလွှဲပြောင်းရေးအဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုနှင့် အသုံးစရိတ်ဆိုင်ရာရုံးတို့ရှိ နိုင်ငံရေးခေါင်းဆောင်များ၏နှောင့်ယှက်မှုများ၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိမှုများနှင့် ကြုံတွေ့နေရသောကြောင့် အမျိုးသားလုံခြံုရေးထိခိုက်သွားနိုင်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

မကြာမီတွင် သက်တမ်းကုန်ဆုံးမည့် အစိုးရအဖွဲ့သည် အမျိုးသားလုံခြံုရေးနယ်ပယ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ထိန်းချုပ်ထားသဖြင့် ယင်းလုပ်ရပ်သည် တာဝန်မဲ့မှုသာဖြစ်ကြောင်း ဘိုင်ဒင်က ပြောဆိုခဲ့သည်။