၂ဝ၂၁ ခုနှစ်သစ်၌ ဘေးအန္တရာယ်များမှ ကင်းရှင်းစေရန်၊ COVID- 19 ကမ္ဘာ့ကပ်ရောဂါ ကျရောက်ခြင်းမှကင်းလွတ်၍ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများပေါကြွယ်ဝစေရန် စသည့်အကျိုးတရားများရရှိစေရန်ရည်ရွယ်ကာ သံဃာတော်များစုပေါင်းမှုဖြင့် မြို့တွင်းမြို့နယ် အသီးသီးရှိ နေရာ ၁ဝ နေရာတို့တွင် နှစ်ဦးပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အောင်မြေသာစံမြို့နယ် စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်မှ သံဃာတော်များ၊ အရှေ့ခင်မကန်တိုက်ရှိ ကထိန်တော်ကျောင်းတိုက်မှ သံဃာတော်များ၊ချမ်းမြသာစည်မြို့နယ်ရှိ ဓမ္မဓရဝါဆိုကျောင်းတိုက်မှ သံဃာတော်များစုပေါင်း၍ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ချမ်းအေးသာစံမြို့နယ်ရှဈေးချိုနာရီစင်၊ ၂၆ လမ်း၊ လမ်း ၇ဝနှင့် ၇၁ လမ်းကြား၊ ကျုံးတောင်ဘက်၊မင်္ဂလာတံတားအနီး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်တော်တို့တွင်လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင်ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားဝန်းကျင်၊ ပြင်ဦးလွင်မြို့အတက်ဘိုးဘိုးကြီးနတ်နန်းအနီး၊ အမရပူရမြို့နယ်ရှိ အိုးတော်ရပ်၊သံလမ်းလမ်းဆုံ၊မဟာအောင်မြေမြို့နယ်ရှိ ဥပေစိဘုရားတောင်ဘက်အနီးတွင်လည်းကောင်း၊ဇန်နဝါရီ ၃ ရက်တွင် ပုသိမ်ကြီးမြို့နယ်ရှိပုသိမ်ကြီးမြို့နာရီစင်အနီး၊ ရန်ကင်းတောင် ဘုရားအနီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အင်းခရုဘုရားတို့တွင်လည်းကောင်း ညနေ ၃ နာရီအချိန်၌ အန္တရာယ်ကင်း နှစ်ဦးပရိတ်တရားတော်များကိုရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။
ထိုသို့ နှစ်ဦးပရိတ်တရားတော်များရွတ်ဖတ်ကြရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID- 19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ တရားတော်များကို နာယူပူဇော် ကြည်ညိုနိုင်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
















