ထိုင်းနိုင်ငံမဟာချိုင်ဒေသ စမွတ်ဆာခွန်ပြည်နယ်မှ စတင်ဖြစ်ပေါ်ခဲ့သော COVID-19 တစ်ကျော့ပြန်ကူးစက်ရောဂါကြောင့် နေရပ်ပြန်ကြမည့်မြန်မာအလုပ်သမားများအား မြန်မာ-ထိုင်းအမှတ်-၂ချစ်ကြည်ရေး တံတားကြီးမှ နေရပ်ပြန်ခွင့်အားတစ်ပတ်ခန့် ယာယီပိတ်ထားမည်ဖြစ်သည်။
''ထိုင်းနိုင်ငံ စမွတ်ဆာခွန်ပြည်နယ်မှာမြန်မာအလုပ်သမားတွေထောင်ကျော်ပြီး ကိုဗစ်ရောဂါတွေ့ရှိခဲ့ရာကနေထိုင်းအစိုးရက ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု လုံးဝမရှိအောင် မြန်မာအလုပ်သမားတွေကို နေရပ်ပြန်ခွင့်တစ်ပတ်ယာယီပိတ်လိုက်တာပါ။ ဘာကြောင့်လည်းဆိုတော့ အခုမြဝတီမြို့နဲ့အနီးဆုံး မဲဆောက်မြို့အပါအဝင် တာ့ခ်ခရိုင်ကိုးမြို့နယ်မှာ မြန်မာအလုပ်သမားတွေ၊သွားလာခွင့်တွေ၊ စက်ရုံပြောင်းရွှေ့တာတွေကို လုံးဝမလုပ်ဖို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ညွှန်ကြားချက်ကိုမနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်သလိုနေ့စဉ်နေရပ်ပြန်နေကြတဲ့ မြန်မာအလုပ်သမားတွေက ဘန်ကောက်ကဖြစ်စေ၊အခြားမြို့နယ်များက ဖြစ်စေ၊ နေရပ်ပြန်ရင် တာ့ခ်ခရိုင်မဲဆောက်မြို့ကိုမလွဲမသွေ ဖြတ်ရမှာဖြစ်တာကြောင့်အခုမနေ့က မဲဆောက်မြို့နယ်အပါအဝင် ဖြတ်သန်းသွားလာမှုတွေမလုပ်ဖို့တာ့ ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် နေရပ်ပြန်မြန်မာအလုပ်သမားတွေအနေနဲ့ မဲဆောက်ကိုဖြတ်ကျော်လို့ မရတော့တာကြောင့် နေရပ်ပြန်မှုကို တစ်ပါတ်ပိတ်လိုက်တာပါ။ တစ်ပတ်ပြည့်ရင်လည်းတာ့ခ်ခရိုင်က ဖြတ်သန်းခွင့်ပြုကြောင်းစာထုတ်ပြန်မှ မြန်မာတွေနေရပ်ပြန်လို့ရမှာဖြစ်ပါတယ်'' ဟု မြန်မာ-ထိုင်းအမှတ်-၂ တံတားကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေအရ မဲဆောက်တွင်းရောက်ရှိနေကြသည့် မြန်မာအလုပ်သမားများကိုသာ အမှတ်-၂တံတားကြီးမှ နေရပ်ပြန် ခွင့်ပြုသွားမည်ဖြစ်ပြီးဘန်ကောက်မြို့နှင့် အခြားမြို့နယ်များမှနေရပ်ပြန်မည့် မြန်မာအလုပ်သမားများကိုတစ်ပတ်ခန့် နေရပ်ပြန်ခွင့်ယာယီပိတ်ထားမည်ဖြစ်ပြီး နေရပ်ပြန်အလုပ်သမားများအား တစ်ပတ်တိတိ ယာယီခွင့်ပြုခြင်းပိတ်ထားသော်လည်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်စည်စီးဆင်းမှုကိုနေ့စဉ်ဖြတ်သန်းခွင့် ပြုထားမည်ဖြစ်ကြောင်းသိရသည်။
















