နှစ်သစ်ကူးရာသီတိုင်း ရိဒ်ရေကန်၌ ရေနောက်ကျိမှုအခြေအနေ ယခုနှစ်ပိုမိုလျက်ရှိ

နှစ်သစ်ကူးရာသီတိုင်း ရိဒ်ရေကန်၌ ရေနောက်ကျိမှုအခြေအနေ ယခုနှစ်ပိုမိုလျက်ရှိ

ချင်းပြည်နယ် ဖလမ်းခရိုင်အတွင်းတည်ရှိသည့် ရိဒ်ရေကန်သည် နှစ်စဉ်ခရစ္စမတ်နေ့မှစတင်၍ နှစ်သစ်ကူးဇန်နဝါရီ ၁ ရက်ဝန်းကျင်အထိ နှစ်စဉ်ကန်ရေအနီရောင်သို့ ပြောင်းလဲနောက်ကျိမှုများဖြစ်ပေါ်ရာတွင် ယခုနှစ်တွင်နှစ်တိုင်းထက် ရေပိုမိုနောက်ကျိမှုဖြစ်ကြောင်း ရိဒ်ခေါ်ဒါရ်မြို့အမှတ်(၁)အုပ်ချုပ်ရေးမှူးဦးချန့်လျှန်နာက ပြောသည်။

''ရိဒ်ရေကန်က ကျွန်တော်တို့ငယ်စဉ်ကာလကစပြီး ခရစ္စမတ်နေ့မတိုင်မီရက်ကစလို့ နှစ်သစ်ကူးပြီးကာလအထိကန်ရေနောက်ကျိနီရဲနေမှုတွေဖြစ်ပါတယ်။ အခုနှစ်မှာတော့ ခရစ္စမတ်ကာလမှာ နည်းနည်းနောက်ကျပြီးရေနောက်ကျိမှုဖြစ်ပါတယ်။ နှစ်တိုင်းထက်လည်း ကန်ရေပိုမိုနီရဲနောက်ကျိမှုဖြစ်ပါတယ်။ ကန်ရေကတော့ ပုံမှန်ရှိပါတယ်။ အခုချိန်ထိတော့ ခန်းခြောက်မှု၊ လျော့နည်းမှုမရှိပါဘူး''ဟု ၎င်းကပြောသည်။

ရိဒ်ရေကန်သည် ချင်းပြည်နယ်၏အမှတ်တရနေရာတစ်ခုဖြစ်သကဲ့သို့နှစ်စဉ်ပွင့်လင်းရာသီကာလများတွင်ပြည်တွင်းပြည်ပဧည့်များ အဝင်အထွက်များသည့်နေရာတစ်ခုဖြစ်သည်။ ယခုနှစ်တွင် COVID-19 ရောဂါကြောင့်ပြီးခဲ့သည့်နွေကာလမှအစပြု၍ ရိဒ်ရေကန်သို့လာရောက်ခြင်းကိုပိတ်ထားခဲ့ရာ ယနေ့အထိဖြစ်သည်။

''ခရစ္စမတ်ရာသီ ရိဒ်ရေကန်ရေနောက်ကျိနီရဲမှုကတော့ ရာသီဥတုပေါ်မူတည်ပြီး ဖြစ်ပေါ်တယ်လို့ထင်ပါတယ်။ဒေသခံတွေကတော့ ဂမ္ဘီရဆန်ဆန်တွေးတောယူဆကြတာလည်းရှိတယ်။အထူးသဖြင့် ကျွန်တော်သတိထားမိတာကတော့ ချင်းပြည်နယ်မှာ အအေးပိုတဲ့နှစ်များမှာ ရေနောက်ကျိမှုပိုဖြစ်ပြီးအအေးပေါ့တဲ့နှစ်တွေမှာ ရေနောက်ကျိမှုနည်းပါတယ်။ ရေနောက်ကျိနီရဲနေမှုကာလကတော့ အချို့နှစ်တွေမှာဒီဇင်ဘာလကုန်ရက်ကစတင်ပြီး ဖေဖော်ဝါရီလအထိ ရေနောက်ကျိနီရဲနေတတ်ပါတယ်''ဟု ရိဒ်ရေကန်အနီးရှိရိဒ်ခေါ်ဒါရ်မြို့ဒေသခံ မြို့မိမြို့ဖဦးလားလျှံထန်းက ပြောသည်။

ရိဒ်ရေကန်သည် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါ်ဒါရ်မြို့အနီးတွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ၈၉ မိုင်ဝေးပြီး တီးတိန်မြို့မှ မိုင် ၃ဝ ဝေးသည်။ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၂၉၆၆ တောင်တန်းပေါ်တွင်တည်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှ ဧည့်သည်များနေ့စဉ်လာရောက်လည်ပတ်မှုရှိသောနေရာဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး