ဖာပွန်ခရိုင် မဲဝိုင်ဒေသရှိ မဲဝိုင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃ဝ မှဒေသခံပြည်သူ ၁ဝဝဝ ခန့်သည် ဒီဇင်ဘာ ၃ဝ ရက် နံနက် ၈ နာရီတွင် တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းပေးရန်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဖာပွန်ဒေသအတွင်းရှိ တပ်မတော်၏ တပ်စခန်းမျာ ပြန်လည်ရုပ်သိမ်းပေးရေးနှင့် တပ်မတော်က ဆောင်ရွက်လျက်ရှိသည့် လမ်းဖောက်လုပ်နေမှု လုပ်ငန်းများအား ရပ်တန့်ပေးရန်အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်ဟု ဆိုသည်။
''ဒီဒေသမှာ လုပ်ကိုင် စားသောက်နေကြတဲ့ ရွာသူရွာသားတွေဟာ နှစ်ပေါင်းကြာရှည်စွာနဲ့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ခဲ့ကြတာ ကြာပါပြီ။ အခုနောက်ပိုင်း ဒေသခံ KNU တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ကြတယ်။ ငြိမ်း ချမ်းရေးဆိုပြီး နှစ်ဖက်တပ်တွေ NCA ထိုးထားကြပြီး အခုလို တိုက်ပွဲတွေမကြာခဏ ဖြစ်နေတော့ ကျွန်တော်တို့ရွာသူရွာသားတွေ အနေနဲ့ အေးအေးချမ်းချမ်း လုပ်ကိုင်မစားရတော့ဘူး။ ကျီးလန့်စာစားနဲ့ အမြဲတမ်း အထိတ်တလန့်ဖြစ်နေရသလို တိုက်ပွဲတွေဖြစ်ရင်လည်းပြေးရ၊ ပုန်းရနဲ့ ရွာကိုပစ်ပြီး ပြေးလွှားနေရတာ ကြာတော့ စိတ်ညစ်လာပြီ။ ဒါကြောင့် ဒီဒုက္ခတွေက ကင်းဝေးဖို့ဆိုတာ ီဒေသကိုလာပြီး စခန်းချနေတဲ့ တပ်မတော်စခန်းတွေ မရှိတော့မှ အေးမှာဖြစ်တာကြောင့် ကွှန်တော်တို့ ဒေသခံကျေးရွာက ရွာသူရွာသားတွေ စုပေါင်း ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်''ဟု မဲဝိုင်ကျေးရွာသား တစ်ဦးက ပြောသည်။
အဆိုပါဒေသတွင် လွန်ခဲ့သည့် လအနည်းငယ်က တပ်မတော်သားနှစ်ဦးမှကရင်တိုင်းရင်းသား အမျိုးသမီး တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့်လည်း ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်နှင့် ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် စစ်ရှောင်ပြည်သူများလည်း ရှိခဲ့ကာ ယခုချိန်အထိ စစ်ရှောင်စခန်းများတွင် ၎င်းတို့၏တောင်ယာလုပ်ငန်းများ မလုပ်ရဘဲ ရှောင်ပုန်းနေရဆဲဖြစ်ကြောင်း သိရသည်။
















