ဖလမ်းမြို့ရှိ မြို့တော်ခန်းမအား ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်

ဖလမ်းမြို့ရှိ မြို့တော်ခန်းမအား ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်

ချင်းပြည်နယ်၏ ခရိုင်မြို့တော်ဖြစ်သည့် ဖလမ်းမြို့တွင် မြို့ကျက်သရေဆောင်မြို့တော်ခန်းမ(Falam City Hall)ကို ၂ဝ၂၁ ခုနှစ်သစ်ကာလဖြစ်သည့် ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖလမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

''၁၉၅၅ ခုနှစ်ဝန်းကျင်ကဆောက်လုပ်ခဲ့တဲ့ ပျဉ်ထောင်ပျဉ်ခင်းသွပ်မိုး(Falam City Hall) ကို ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစတင်ပြီး အသစ်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Falam City Hall အဟောင်းက နှစ်သစ်တမ်းကြာမြင့်ပြီဖြစ်တဲ့အတွက် တိုင်အောက်ခြေတွေ ဆွေးမြေ့ပျက်စီးလာပြီဖြစ်သလိုအောက်ခင်းတွေလည်း ပျက်စီးနေပြီဖြစ်ပါတယ်။ အခုအဆောက်အအုံကတော့ ခေတ်မီအဆောက်အအုံဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

Falam City Hall ကို Aroma Rose Company က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျားပေ ၁ဝဝ၊ အနံပေ ၆ဝ၊ အမြင့် ၄၂ ပေရှိအာရ်စီအဆောက်အအုံဖြစ်သည်။ ယင်းအဆောက်အအုံကို နယ်စပ်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အိန္ဒိယနိုင်ငံအထောက်အပံ့ကျပ်သန်း ၄၆၅ သန်း၊ ပြည်နယ်စည်ပင်သာယာရန်ပုံငွေကျပ်သန်း ၈၅ဝဖြင့်တည်ဆောက်ထားသည့်အဆောက်အအုံဖြစ်သည်။

''ကျွန်တော်တို့မြို့အတွက် လူထုတွေ့ဆုံပွဲအစည်းအဝေးတွေလုပ်ကိုင်ဖို့မိုးလုံလေလုံအဆောက်အအုံတစ်ခုလိုအပ်နေတာဖြစ်ပါတယ်။ မြို့တော်ခန်းမအဟောင်းက သစ်သားအဆောက်အအုံဖြစ်တော့ ပရိတ်သတ်များများမဆံ့တော့သလို နှစ်ကြာတော့ ပျက်စီးမှုတွေရှိလာပါတယ်။ အခုအဆောက်အအုံကတော့ ခေတ်မီအဆောက်အအုံဖြစ်လာတဲ့အတွက် ကျွန်တော်တို့မြို့ရဲ့ကျက်သရေဆောင်အဆောက်အအုံဖြစ်ပါတယ်'' ဟု ဖလမ်းမြို့ဒေသခံဦးပါသဲက ပြောသည်။

ဖလမ်းမြို့သည် ယခုအခါ မြို့သက်တမ်း ၁၂၅ နှစ်ရှိသောမြို့တစ်မြို့ဖြစ်ပြီး ချင်းဝိသေသတိုင်းဟုခေါ်ဆိုသည့်အချိန်က မြို့တော်အဖြစ်သတ်မှတ်ခံခဲ့ရသော မြို့တစ်မြို့ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး