ဘဝအတွက် စိတ်ခွန်အားဖြည့်စာပေတွေကို အစဉ်တစိုက် ရေးသားလာတဲ့ စာရေးဆရာမ နိုင်းနိုင်းစနေဟာ အခုတစ်ခါမှာတော့ အချစ်နဲ့မကင်းနိုင်ကြတဲ့ ပုတုစဉ်တွေအတွက် တရုတ်လူမျိုး စိတ်ပညာရှင် Xiao Yubing ရေးသားထားတဲ့'' အချစ်၊ အိမ်ထောင်ရေး အမျိုးသမီးတစ်သက် သင်ယူရတဲ့အရာ'' ဆိုတဲ့ စာအုပ်လေးကို ဘာသာပြန်ဆိုခဲ့ပါတယ်။
စာအုပ်ထဲက အခန်းတစ်ခုချင်းစီမှာ စိတ်ပညာရှင် Xiao Yubing ဆီ လာရောက်ရင်ဖွင့်ကြတဲ့ ဇာတ်လမ်းတစ်မျိုးစီကို ကာယကံရှင်က သူတို့အကြောင်းကို သူတို့ပြန်ပြောတဲ့ပုံစံနဲ့ စတင်ပြီး စိတ်ပညာရှင်က စိတ်ပညာရှုထောင့်ကနေ သုံးသပ်ထားတဲ့ အပိတ်မျိုးနဲ့ လှလှပပ ရေးသားထားတာဖြစ်လို့ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။
စာအုပ်မှာဖတ်ရမှာက ရှုပ်ထွေးလှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း၊ တာဝန်မယူချင်တဲ့ ယောက်ျားတစ်ယောက်က ထားသွားခံရသော်လည်း စိတ်ထဲမှာ မပြတ်ဆဲနိုင်သေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းအပါအဝင် ဆန်းကြယ်လွန်းတဲ့ ဇာတ်လမ်းအဖုံဖုံကို စိတ်ဝင်စားဖွယ်ရေးဖွဲ့ထားပြီး ဒီလိုစွဲလန်းမှုတွေကို စိတ်ပညာရှုထောင့်က ပြန်လည်သုံးသပ် ရေးသားထားတာဟာလည်း စာအုပ်ရဲ့ထူးခြားမှုတစ်ခုဖြစ်ပါတယ်။
စာရေးဆရာမ နိုင်းနိုင်းစနေဟာ လက်ရှိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နေထိုင်နေပါတယ်။ စာရေးသားခြင်းဟာ သူမရဲ့ဝါသနာတစ်ခုဖြစ်ပြီး တခြားအသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကိုလုပ်ရင်း အားလပ်ချိန်တွေမှာ စာတွေကို စာအုပ်အနေနဲ့ ဒါမှမဟုတ် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်အနေနဲ့ ရေးသားမျှဝေနေပါတယ်။
စာရေးဆရာမ နိုင်းနိုင်းစနေဟာ Xiao Yubing ရဲ့စာအုပ်ကို စိတ်ကျန်းမာရေး အကြောင်းပါတဲ့အတွက် စိတ်ဝင်စားခဲ့ပြီး တစ်နေ့နေ့မှာ ဘာသာပြန်ပြီး စာဖတ်သူတွေကို မျှဝေဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း တခြားစာအုပ်တွေရေးနေတဲ့အတွက် တော်တော်နဲ့ ဘာသာမပြန်ဖြစ်ခဲ့ပါဘူး။
နောက်ပိုင်း သူ့ဆီ အချစ်ရေးရာနဲ့ပတ်သက်ပြီး စာဖတ်သူတချို့က သူတို့ရဲ့ အခက်အခဲကို ရင်ဖွင့်လာတာမျိုး ရှိလာတဲ့အခါမှာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ စိတ်ကျန်းမာရေး ပတ်သက်ဆက်နွှယ်မှုတွေကို သူတို့တွေ ဖတ်ဖြစ်အောင်၊ သိနားလည်အောင် မြန်မာလိုဘာသာပြန် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
ဆရာမ နိုင်းနိုင်းစနေ ကိုယ်တိုင်လည်း အိမ်နဲ့ခွဲပြီး အဝေးကိုရောက်သွားတဲ့အခါ သူစိမ်းတွေကြား၊ ကိုယ်မရင်းနှီးသူတွေကြားမှာ ရှင်သန်ရတာ ခက်ခဲမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ သူဟာ နိုင်ငံခြားထွက် ကျောင်းနေစမှာ အခက်အခဲအမျိုးမျိုး ကြုံခဲ့ရပါတယ်။ အားပေးကြသူတွေရှိလည်း သူတို့ဒုက္ခနဲ့သူတို့ ဖြစ်တဲ့အတွက် သူ့ကို အမြဲဂရုမစိုက်နိုင်တဲ့အခါ စိတ်ခွန်အားရှိဖို့ စာတွေရှာဖတ်ခဲ့ပါတယ်။
အဲဒီလိုနဲ့ပဲ သူနဲ့ဘဝတူတွေကို စာနာဖေးမချင်စိတ်နဲ့ ခွန်အားဖြစ်စေမယ့် စာတွေများစွာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဆရာမနိုင်းနိုင်းစနေ ဘာသာပြန်တဲ့ ''အချစ်နဲ့စိတ်'' ဆိုတဲ့ စာအုပ်ဟာ နှစ်အုပ်တွဲ ထွက်ရှိတာ ဖြစ်ပါတယ်။







