ခန္တီးမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

ခန္တီးမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

ချင်းတွင်းမြစ်အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းက မြန်မာ့တပ်မတော်ထောက်ခံပွဲအား ပြုလုပ်ခဲ့ကြောင်းသိရသည်။မြန်မာ့တပ်မတော် အဓွန့်ရှည်ပါစေဟူသည့် ကြွေးကြော်သံပါ အချက်ခုနစ်ချက်အား ဟစ်ကြွေး၍ ခန္တီးမြို့ရှိ တပ်မတော် ချစ်မြတ်နိုးသူများစုပေါင်း၍ထောက်ခံပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

''ထောက်ခံပွဲနဲ့ပတ်သက်လို့ကျွန်မကျေနပ်ပါတယ်။ ခန္တီးမြို့က သူငယ်ချင်းတွေစုပြီး ထောက်ခံခွင့်ရတဲ့အပေါ် ကျေနပ်တယ်။ ဘေးကဝန်းရံသူတွေများတော့ ကိုယ့်လို တပ်မတော်အပေါ်ချစ်မြတ်နိုးသူတွေရှိတာမြင်ရတော့ ကျေနပ်ပါတယ်'' ဟုတပ်မတော်ထောက်ခံပွဲ ဦးဆောင်သူ ခန္တီးမြို့၊ နားမေတ္တာရပ်ကွက်နေ ဒေါ်မာမာခိုင်က ပြောသည်။

ယခင်ကတပ်မတော်ထောက်ခံပွဲကို စစ်မှုထမ်းဟောင်းများကသာ လုပ်လေ့ရှိပြီး အရပ်ဖက်မှပြုလုပ်သည်မှာ ပထမဆုံးဖြစ်ကြောင်း ခန္တီးဒေသခံတစ်ဦးထံမှသိရသည်။ တပ်မတော်ထောက်ခံပွဲကို နံနက် ၉ နာရီမှစ၍ ခန္တီးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှစတင်ကာ လည်ဦးတန်းလမ်း၊ ဈေးလမ်း၊ ကမ်းနားလမ်းမှအထက်ဖက်သို့ တပ်မတော်ကို ချစ်မြတ်နိုးသူ၊ ထောက်ခံသူ ခန္တီးမြို့ခံလူဦးရေ(၃ဝ)ဦးနှင့်ဝန်းရံသူများက ကြွေးကြော်သံများကြွေးကြော်၍ စီတန်းလမ်းလျှောက် ထောက်ခံကြခြင်းဖြစ်သည်။

''မြန်မာနိုင်ငံရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေတဲ့ တပ်မတော်ရဲ့လုပ်ရပ်တွေ၊ ဆောင်ရွက်နေတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အချုပ်အခြာအာဏာ မပျောက်ပျက်အောင် ထိမ်းသိမ်းနေတဲ့ တပ်မတော်ရဲ့လုပ်ရပ်တွေကိုထောက်ခံတာပါ'' ဟု ဒေါ်မာမာခိုင်က ပြောသည်။

ထောက်ခံပွဲတွင် ပြည်ထောင်စုမပြိုကွဲရေး-ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး -ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြရေး-ဒို့အရေး၊အမျိုးသားအကျိုးစီးပွားကို ဦးတည်သော တပ်မတော်အား-ဝန်းရံကြ၊ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား- ဆန့်ကျင်ကြ၊ ပြည်သူနှင့်တပ်မတော်အားသွေးခွဲသူ-ဒို့ရန်သူ၊ မြန်မာ့တပ်မတော်-အဓွန့်ရှည်ပါစေ စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး