ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စက်ရုံတွင်အလုပ်လုပ်ကိုင်နေသော အမျိုးသမီးဝန်ထမ်းသုံးဦးသည် ကျေးရွာ၌ပင် Quarantine ၁ဝ ရက်ဝင်ပြီးနောက်အလုပ်ပြန်လည်လုပ်ကိုင်ပြီး နေအိမ်သို့ပြန်လာချိန်တွင် ကျေးရွာနေပြည်သူ ၁ဝဝ ခန့်က ရွာထဲသို့ပေးမဝင်သဖြင့်မြို့နယ်အဆင့်တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။
ကျောက်ဆည်မြို့ KF အထည်ချုပ်စက်ရုံရှိဝန်ထမ်းတစ်ဦးတွင် COVID19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ထိတွေ့ဆက်စပ်မှုရှိသည့် ဝန်ထမ်းများသည် Quarantine ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ Quarantine ဝင်ရောက်နေသူများထဲ၌ မြစ်သားမြို့နယ်၊ ကူမဲမြို့ခရုတုတ်ကျေးရွာရှိ အမျိုးသမီးသုံးဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသုံးဦးသည် ကျေးရွာ၌ပင် Quarantine ၁ဝ ရက်ခန့်ဝင်ရောက်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်ကာအလုပ်ပြန်လည်ဆင်းခြင်းဖြစ်ပြီး အလုပ်ပြီး၍အဆိုပါကျေးရွာရှိ နေအိမ်သို့ပြန်စဉ် ဒေသခံ ၁ဝဝ ဦးခန့်က ကျေးရွာအတွင်းသို့ ဝင်ရောက်ခြင်းအား တားမြစ်မှုများရှိခြင်းကြောင့် မြို့နယ် COVID19 ကာကွယ်ထိန်းချုပ်ရေးကော်မတီမှတာဝန်ရှိသူများက ဒီဇင်ဘာ ၂၉ ရက်ညနေပိုင်း၌ ဖြေရှင်းပေးခဲ့ရခြင်း ဖြစ်သည်။
''သမီးတို့က စောင့်ကြည့်ရက် ၁၄ ရက်မပြည့်ခင် အလုပ်သွားလုပ်လို့ရွာကအပြန်ကိုလက်မခံတာပါ။ သူတို့က ပိုးတွေ့သူလုပ်တဲ့အဆောင်က မဟုတ်ပါဘူး၊ စောင့်ကြည့်ခံထားတာလည်း ၁ဝ ရက်ကျော်ပါပြီ။ နေလည်းကောင်းပါတယ်။ ဒီနေ့မှအလုပ်မဝင်ရင် အလုပ်ကပြုတ်တော့မှာ၊ ဒါကြောင့် သွားတက်တာပါ''ဟု စောင့်ကြည့်ခံအမျိုးသမီးဝန်ထမ်းတစ်ဦး၏ မိခင်ကရှင်းပြသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာရပ်မိ ရပ်ဖများ၊ KF အထည်ချုပ်စက်ရုံမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကဆွေးနွေးညှိနိူင်းပေးခဲ့သဖြင့် အဆိုပါည၌ပင် ပြေလည်မှုရရှိခဲ့ကြောင်း မြစ်သားမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက ဒီဇင်ဘာ ၃၁ ရက်၌ မြန်မာတိုင်းမ်သို့ပြောသည်။
''ရွာခံတွေရဲ့ သံသယကြောင့်ဖြစ်တာပါ။ ကိုဗစ်ဥပဒေနဲ့ အမှန်တရားကြားက ပြဿနာလို့ ပြောရမှာပေါ့ဗျာ။ဖြေရှင်းပေးဖို့လာတဲ့ ကျွန်တော်တို့အဖွဲ့ကိုတောင် ဝိုင်းရိုက်ကြတော့မလိုဖြစ်ခဲ့တယ်။ ည ၁၁ နာရီကျော်ထိဝိုင်းထားတုန်း''ဟု ဦးနိုင်မင်းထွန်းကပြောသည်။
















