AA အဖွဲ့က ဖမ်းဆီးထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦး လွတ်မြောက်လာ

AA အဖွဲ့က ဖမ်းဆီးထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦး လွတ်မြောက်လာ

တပ်မတော်ငြိမ်းချမ်းရေးကော်မတီခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဆွေးနွေးပြီးနောက် AA အဖွဲ့ကဖမ်းဆီးထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးတို့အား ဇန်နဝါရီ ၁ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဂျပန်အစိုးရအထူးကိုယ်စားလှယ်ံ.H.E. Mr. Yohei SASAKAWA ၏ကြားဝင်စေ့စပ်ပေးမှုကြောင့် တပ်မတော်နှင့် AA အဖွဲ့သည် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်တွင် အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး 'ဝ'ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)ထိန်းချုပ်နယ်မြေ ပန်ဆန်းတွင် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင်တတိယအကြိမ်တွေ့ဆုံမှုကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် AA အဖွဲ့စစ်ဦးစီးချုပ်တို့ အွန်လိုင်းမှတစ်ဆင့်ဒီဇင်ဘာ ၃ဝ ရက်တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဆွေးနွေးပွဲများ၏ရလဒ်အဖြစ် အောက်တိုဘာ ၁၄ ရက်ကတည်းက AA အဖွဲ့ကဖမ်းဆီးထားသော လက်ရှိတောင်ကုတ်မြို့နယ်မှ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်နီနီမြင့်၊ဦးမင်းအောင်၊ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနှင့် အခြားသောတပ်မတော်သားသုံးဦးတို့အား ဇန်နဝါရီ ၁ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

''ဆွေးနွေးပွဲတစ်ခုတည်းရဲ့ ရလဒ်လို့တော့ပြောလို့မရပါဘူး။ ဒါဟာ ဆွေးနွေးပွဲအားလုံးရဲ့ရလဒ်ပဲဖြစ်ပါတယ်''ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်ကိုပြောသည်။AA အဖွဲ့ကလွှဲပြောင်းပေးခဲ့သည့် NLD ပါတီကိုယ်စားလှယ်များအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုထံအပ်နှံပေးခဲ့သည်။ ယင်းသို့လွှဲပြောင်းပေးအပ်ရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးက တပ်မတော်နှင့် AA အဖွဲ့တို့အကြား အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် NLD အမတ်လွတ်မြောက်ရေးဆွေးနွးပွဲများမှာ လုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးသည့်မြို့နယ်များတွင်ရွေးကောက်ပွဲများကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ရန်ကျန်ရှိသည့်နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲများကျင်းပခြင်း၊ မကျင်းပခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ဆုံးဖြတ်ချက်သာဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကလိုလားချက်သည် လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရန်နှင့် ပြည်သူများ၏ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

''တပ်မတော်က ခုလိုလုပ်ကိုင်ပေးတာလည်း ကျေးဇူးတင်ပါတယ်။ တစ်ဖက်ကပြန်လွှတ်ပေးတဲ့ AA ကိုလည်း ကျေးဇူးတင်ရတာပါပဲ။ ဒီဖြစ်ပေါ်တိုးတက်မှုတွေက ရခိုင်ပြည်နယ်အတွက် အလားအလာကောင်းတယ်။ ငြိမ်းချမ်းရေးအတွက်လည်း အလားအလာကောင်းတယ်လို့ပဲ ပြောချင်ပါတယ်''ဟု NLD ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

ယခုကဲ့သို့ NLD ပါတီဝင်များကို ပြန်လည်လွှတ်ပေးသကဲ့သို့ NLD အစိုးရအနေဖြင့်လည်းအမှန်တကယ်ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထားသော ရခိုင်နိုင်ငံရေးသမားများနှင့် အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထားသော AA အဖွဲ့ဝင်များကို ငြိမ်းချမ်းရေးကိုရှေးရှုသောအားဖြင့် ပြန်လွှတ်ပေးရန် AA အဖွဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး