သမ္မတဒေါ်နယ်ထရမ့်၏ ဗီတိုအာဏာကို ဖျက်သိမ်းနိုင်ရေးအတွက် ဇန်နဝါရီ ၁ ရက်တွင် ရီပတ်ဘလီကန်အမတ်များသည် ဒီမိုကရက် တစ်အမတ်များနှင့် ပူးပေါင်းကာ မဲခွဲဆုံးဖြတ်ခဲ့ခြင်းသည် သမ္မတထရမ့် အတွက် အထိနာစရာထိုးနှက်ချက်ဖြစ်ခဲ့သည်။
ကာကွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေမူကြမ်းကို ဒေါ်နယ်ထရမ့်က ဗီတိုအာဏာသုံး၍ ပယ်ချထားရာ အထက်လွှတ်တော်အမတ်များ၏ လုပ်ဆောင်ချက်သည် သမ္မတထရမ့် တာဝန်ထမ်းဆောင်ချိန်အတွင်း သမ္မတ၏ဗီတို အာဏာကို ဖျက်သိမ်းနိုင်ရေး ပထမဆုံး လုပ်ဆောင်ချက် လည်း ဖြစ်သည်။
နှစ်သစ်ကူးကာလ ပထမဆုံးနေ့တွင် အထက်လွှတ်တော်၌ လွှတ်တော် အမတ်များက ဆန္ဒမဲ ၈၁ မဲ ၁၃ မဲဖြင့် သမ္မတ၏ ဗီတိုအာဏာကို ပယ်ဖျက်ပစ်ခဲ့ကြပြီး ရှားပါးသော လုပ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လွန်ခဲ့သော ကာလများတွင် ထရမ့်သည် ဗီတိုအာဏာကို ၈ ကြိမ်အထိ အသုံးပြုခဲ့ပြီး အောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် COVID-19 ဆိုင်ရာ ထောက်ပံ့ကြေး ဒေါ်လာ ၆၀၀ အစား ဒေါ်လာ ၂၀၀၀ တိုးမြှင့်ရန် အလိုရှိသော ဒီမိုကရက်တစ်များ၏ ထောက်ခံမှု ကိုလည်း အထက်လွှတ်တော်က အဆုံးသတ်လိုက်ပြီဖြစ်သည်။
ရီပတ်ဘလီကန်လွှတ်တော်အမတ်များသည် သမ္မတ၏ တာဝန်ထမ်း ဆောင်စဉ် ကာလများအတွင်း ၎င်းဘက်မှ အလုံးအရင်းဖြင့် ရပ်တည်ပေးခဲ့ကြသော်လည်း နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲပြီးနောက် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပြီးချိန်တွင် ၎င်းအား မထောက်ခံတော့သည့် ရီပတ်ဘလီကန်လွှတ်တော်အမတ်များကို သမ္မတ ထရမ့်က ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့သည်။
သမ္မတ၏ ဗီတိုအာဏာကို ပယ်ချရန်အတွက် ဒီမိုကရက်တစ်လွှတ်တော်အမတ်များ လွှမ်းမိုးထားသည့် အမေရိကန် အောက်လွှတ်တော်က ဒီဇင်ဘာ ၂၈ ရက်တွင် အတည်ပြုခဲ့ပြီး ဇန်န ဝါရီတစ်ရက်တွင် အထက်လွှတ်တော်ကထပ်မံ ပယ်ချခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတတစ်ဦးသည် ကွန်ဂရက်မှ အတည်ပြုပေးပို့လာ သော ဥပဒေမူကြမ်းကို ဗီတိုအာဏာသုံးကာ ပယ်ချခွင့်ရှိသည်။ သို့သော် လွှတ်တော်နှစ်ရပ်၏ သုံးပုံနှစ်ပုံသည် ဗီတိုအာဏာအား ပယ်ဖျက်ပစ်ရန် ဆန္ဒမဲပေးလျှင် ယင်းဥပဒေမူကြမ်းကို အတည်ပြုနိုင်သည်။
ဒေါ်လာ ၇၄၀ ဘီလီယံ ခွင့်ပြုပေးမည့် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်းတွင် စစ်သင်္ဘောများဝယ်ယူရေး၊ စစ်သားများအတွက် လစာ တိုးမြှင့်ပေးရေးနှင့် ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုများအပေါ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ပါရှိသည်။

















