တရုတ်-အမေရိကန်ဆက်ဆံရေးမှာ အချိုးအကွေ့သစ်တစ်ခုသို့ ရောက်နေပြီဟု ဝမ်ယိ ပြော

တရုတ်-အမေရိကန်ဆက်ဆံရေးမှာ အချိုးအကွေ့သစ်တစ်ခုသို့ ရောက်နေပြီဟု ဝမ်ယိ ပြော

အမေရိကန်နှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် အချိုးအကွေ့သစ် တစ်ခုသို့ ရောက်ရှိနေပြီး မကြုံစဖူးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရန် အခွင့်အလမ်းများ ဖြစ်ပေါ်လာ နိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင်ဖြစ်သူ မစ္စတာဝမ်ယိက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ 

ကုန်သွယ်မှုကဏ္ဍတွင် များပြားလှသော အမြင်ကွဲပြားမှုကြောင့် ကမ္ဘာ့ စီးပွားရေးထိပ်သီးနှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ တင်းမာမှုများ မြင့်တက်ခဲ့ ကြသည်။

COVID-19 ကပ်ရောဂါဆိုင်ရာ ဖြစ်တည်မှု၊ လူ့အခွင့်ရေးဆိုင်ရာ ကဏ္ဍများကြောင့် တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးမှာ ပဋိပက္ခများစွာ ရှိခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် တရုတ်အပေါ် နောက်ဆုံး အရေးယူမှုအဖြစ် အစိုးရအဖွဲ့ဝင် အရာရှိများအား အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း အမည်ပျက်စာရင်း ကြေညာပစ်ခဲ့သည်။

အမေရိကန်အနေဖြင့် မကြာသေးမီက ဆောင်ရွက်ခဲ့သော မူဝါဒများ သည် နှစ်နိုင်ငံ၏ ရည်မှန်းချက်များကို ထိခိုက်စေခဲ့ပြီး ကမ္ဘာကြီးအတွက် လည်း အန္တရာယ်ကြီးမားလှကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

သို့သော် ယခုလက်ရှိအချိန်တွင်မူ တံခါးသစ်တစ်ချပ်အား ဖွင့်လှစ်ရန်အတွက် အခွင့် အလမ်းများ ရှိနေပြီး ဆွေးနွေးတိုင်ပင်မှုသစ်များ စတင်လုပ်ဆောင်နိုင်ခွင့် ရှိ နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

‘’တရုတ်နိုင်ငံရဲ့ ရုတ်ခြည်းဖွံ့ဖြိုးတိုးတက်လာမှုတွေအပေါ် အမေရိကန် မှာရှိနေတဲ့ လူအချို့ နားလည်သဘောပေါက်တယ်ဆိုတာ ကျွန်တော်တို့ သိ ပါတယ်။ ဒါပေမဲ့ စဉ်ဆက်မပြတ် ရေရှည်တည်တံ့မှုရှိတဲ့ ခေါင်းဆောင်မှုမျိုးဆို တာက တခြားတိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပိတ်ဆို့ထား ခြင်းဆိုတာထက် ကိုယ့်တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်ဦး ဆောင်နိုင်အောင် လုပ်ဆောင်ရတာမျိုးဖြစ်ပါတယ်’’ ဟု ဝမ်ယိက ပြောကြား ခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ဖော်ဆောင်နေသည့် လူမှုရေးလမ်းစဉ် များနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းကြောင်းများကိုလည်း အမေရိကန်အစိုး ရအနေဖြင့် လေးစားမှုပြုရန် တိုက်တွန်းကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။