ရုရှား၌ လူ ၈၀၀၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်

ရုရှား၌ လူ ၈၀၀၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံခဲ့ပြီးဖြစ်

ရုရှားနိုင်ငံ၌ COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ ၁ ဒသမ ၅ သန်းကျော်ကို ဖြန့်ချိပေးထားကာ လူ ၈၀၀၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး မီခေး မူရက်ရှ်ကိုက ဇန်နဝါရီ ၂ ရက်တွင် ပြောဆိုခဲ့သည်။

ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေး Sputnik V ကို ဒီဇင်ဘာအစောပိုင်းကတည်းက နိုင်ငံတွင်း ဖြန့်ချိခဲ့သည့် ရုရှားသည် ကမ္ဘာပေါ်တွင် COVID-19 ကူးစက်သူဦးရေ စတုတ္ထအများဆုံးရှိနေသည့် နိုင်ငံဖြစ်သည်။

ရုရှားသည် ၎င်းတို့ထုတ်ကာကွယ်ဆေးကို နိုင်ငံများစွာသို့ ဖြန့်ချိခဲ့ပြီးဖြစ်သည်။ ရုရှားထုတ်ကာကွယ်ဆေးကို ၂၁ ရက်ခြားကာ နှစ်ကြိမ်ထိုးနှံရမည်ဖြစ်သည်။

ရုရှားအစိုးရက လွန်ခဲ့သောအပတ်တွင် အာဂျင်တီးနားသို့ COVID-19 ကာကွယ်ဆေး တစ်ကြိမ်ထိုးပမာဏ ၃၀၀၀၀၀ ကို ပေးပို့ခဲ့ပြီးနောက် ပြည်တွင်း၌ ကာကွယ်ဆေးပိုမိုဖြန့်ချိရန် လိုအပ်ကြောင်း နိုင်ငံသားများက ဝေဖန်ပြောဆိုခဲ့သည်။

ရုရှား၌ ဇန်နဝါရီ ၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၆၃၁၀ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၃၂၁၂၆၃၇ ဦးရှိနေပြီဖြစ်သည်။

ဇန်နဝါရီ ၂ ရက်တွင် COVID-19 ဖြင့်သေဆုံးသူသစ် ၄၄၇ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၅၈၀၀၂ ဦးရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။