ဘရာဇီး၌ COVID-19 ကာကွယ်ဆေးထိုးနှံမှု နှောင့်နှေးနေခြင်းကို နိုင်ငံသားများ ဝေဖန်ပြောဆို

ဘရာဇီး၌ COVID-19 ကာကွယ်ဆေးထိုးနှံမှု နှောင့်နှေးနေခြင်းကို နိုင်ငံသားများ ဝေဖန်ပြောဆို

ဘရာဇီးနိုင်ငံ၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုနှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ နိုင်ငံသားများနှင့် မီဒီယာများက ဝေဖန်ပြောဆိုနေကြပြီဖြစ်သည်။

ဘရာဇီး၌ ဇန်နဝါရီ ၂ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၅၈၂၇ ဦးနှင့် သေဆုံးသူသစ် ၃၁၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘရာဇီး၌ COVID-19 ကူးစက်သူစုစုပေါင်း ၇ ဒသမ ၇ သန်းကျော်နှင့် သေဆုံးသူ ၁၉၅၇၂၅ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအင်းများအရသိရသည်။

ဘရာဇီးသို့ COVID-19 ကာကွယ်ဆေး မည်သည့်အချိန်တွင် ရောက်ရှိမည်နည်း ဟု ဘရာစီးလျားရှိ နာမည်ကျော်သတင်းစာ Correio Braziliense က မျက်နှာဖုံး၌ ဖော်ပြကာ မေးခွန်းထုတ်ခဲ့သည်။

COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူမည်မဟုတ်ကြောင်း ပြောဆိုထားသည့် ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုဆိုနာရိုက ကာကွယ်ဆေးထိုးဖြန့်ချိရန် နှောင့်နှေးနေခြင်းနှင့်ပတ်သက်၍ မစိုးရိမ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။

ချီလီ၊ အာဂျင်တီးနားနှင့် ကော်စတာရီကာတို့ကဲ့သို့ အခြားလက်တင်အမေရိကနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကောက်ကျနေပြီဖြစ်ကြောင်း နာမည်ကျော်ကျန်းမာရေးဆိုင်ရာစာရေးသူ မာရီယာနာ ဗာရယ်လာကပြောဆိုခဲ့သည်။

ဘရာဇီးအစိုးရသည် အရည်အချင်းမရှိသလို တာဝန်လည်းပျက်ကွက်နေကြောင်း အဏုဇီဝဗေဒပညာရှင် နာတာလီယာ ပက်စ်တာညက်ကပြောဆိုခဲ့သည်။

ဘရာဇီးအစိုးရသည် COVID-19 ကူးစက်ရောဂါကို အစကတည်းက များစွာအလေးမထားခဲ့ကြောင်း၊ ကူးစက်ရောဂါကြောင့် လူများစွာသေဆုံးမည်၊ များစွာထိခိုက်နစ်နာမည်ဟု မထင်ခဲ့ကြောင်း ဗာရယ်လာကပြောဆိုခဲ့သည်။

သမ္မတဘိုဆိုနာရို၏ အကြီးဆုံးအမှားမှာ အများပြည်သူကျန်းမာရေးအကြောင်းကို လုံးဝနားမလည်သည့် ဗိုလ်ချုပ်တစ်ဦးကို ကျန်းမာရေးဝန်ကြီးခန့်အပ်ခြင်းနှင့် ကာကွယ်ဆေးဝယ်ယူရေးနှင့်ပတ်သက်၍ အားသွန်ခွန်စိုက်မလုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောဆိုခဲ့သည်။

လက်တင်အမေရိကရှိ နိုင်ငံများစွာသည် နိုင်ငံသားများအား ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်း၊ ဘရာဇီးသမ္မတ ပျောက်ချက်သားကောင်းနေသည်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ဘိုဆိုနာရို၏ မဟာမိတ်ဟောင်း ဆာဂီယို မောရိုက ပြောဆိုခဲ့သည်။