Pfizer-BioNTech ထုတ် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက် ဆေးရုံတင်ကုသမှုခံယူခဲ့ရသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဆရာဝန်တစ်ဦး၏ဖြစ်ရပ်ကို လေ့လာသုံးသပ်နေကြောင်း မက္ကဆီကိုအာဏာပိုင်များက ဇန်နဝါရီ ၂ ရက်တွင် ပြောဆိုခဲ့သည်။
နာမည်ထုတ်ပြန်ခြင်းမရှိသည့် အဆိုပါဆရာဝန်သည် ကာကွယ်ဆေးထိုးနှံပြီးနောက် တက်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် အရေပြား၌ အဖုအပိန့်ထွက်လာခြင်းတို့ကြောင့် နိုင်ငံမြောက်ပိုင်း နျူဗို လီယွန်ပြည်နယ်ရှိ အစိုးရဆေးရုံတစ်ရုံ၏ အထူးကြပ်မတ်ကုသဆောင်သို့ ၎င်းကို ပို့ဆောင်ကာ ဆေးကုသမှုများပြုလုပ်ခဲ့ရသည်။
ကုသမှုခံယူနေရသည့် ဆရာဝန်သည် ဦးနှောက်ရောင်ရောဂါခံစားနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆရာဝန်သည် ယခင်ကလည်း ဓာတ်မတည့်မှုကြောင့် ဆေးကုသမှုခံယူခဲ့ရသူဖြစ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ဦးနှောက်ရောင်လာသူမရှိကြောင်း ကာကွယ်ဆေးစမ်းသပ်မှုမှတ်တမ်းများအရ သိရှိခဲ့ရပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မက္ကဆီကို၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကျန်းမာရေးဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေးပထမအသုတ်ကို ဖြန့်ချိပေးခဲ့ပြီးဖြစ်သည်။ မက္ကဆီကို၌ COVID-19 ဖြင့်သေဆုံးသူ ၁၂၆၅၀၀ ကျော်ရှိနေသည်။

















